မြန်မာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု တိုးလာတယ်လို့ မူးယစ်အဖွဲ့က ပြော

  • 18 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption မနှစ်ကထက် ၁၃ ရာနှုန်းကျော် တိုးလာတယ်လို့ ဆို

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ နှစ်တွေနဲ့ နှိုင်းယှဉ်ရင် ဘိန်းစိုက်ပျိုး ထုတ်လုပ်တဲ့ ဧရိယာ တိုးလာနေ သလို နိုင်ငံအတွင်း ဘိန်းထွက်ရှိမှုဟာလည်း တိုးလာနေတယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး အဖွဲ့က ပြောလိုက်ပါတယ်။

ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဟာ မနှစ်ကထက်စာရင် တစ်နိုင်ငံလုံးမှာ ၁၃ ရာခိုင် နှုန်းကျော် တိုးလာနေပြီး တိုးလာတဲ့ ဘိန်းစိုက် ဧရိယာတွေထဲမှာ နေရာသစ်တွေ ပါဝင်နေသလို ယခင် စိုက်ပျိုးတဲ့ နေရာဟောင်းတွေမှာလည်း တိုးလာနေတာတွေ ရှိတယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးအဖွဲ့က ရဲမှူးကြီး ဇော်လင်းထွန်းက ပြောပါတယ်။

အစိုးရက ထုတ်ပြန်တဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ ၂ဝ၁၃ ခုနှစ်မှာ ဘိန်းစိုက်ဧရိယာ ဟက်တာ ၅၁ဝဝဝ ရှိပြီး ဘိန်းထွက် တန်ချိန်ပေါင်း ၆၉ဝ ထွက်ရှိရာမှ ၂ဝ၁၄ ခုနှစ်မှာ ဘိန်းစိုက်ဧရိယာ ဟက်တာ ၅၇၈ဝဝ စိုက်ပျိုးခဲ့ပြီး ထွက်ရှိတဲ့ ဘိန်းတန် ချိန်ပေါင်း ၈၇ဝ အထိ တိုးလာတယ်လို့ ဆိုပါတယ်။

ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု တိုးလာတဲ့ အကြောင်းရင်းတွေထဲမှာ ဆင်းရဲ မွဲတေမှုနဲ့ အတူ အစားထိုး သီးနှံ စိုက်ပျိုးဖို့ အခက်ခဲတွေကြောင့်လည်း ပါသလို၊ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် နယ်မြေတွေထဲမှာ ရှိတဲ့ ဘိန်းစိုက်ပျိုးမှု တွေကြောင့်လည်း ပါတယ်လို့ ရဲမှူးကြီး ဇော်လင်းထွန်းက ပြောပါတယ်။

ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန် ပြီးရင် ဒုတိယမြောက် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အများဆုံးနိုင်ငံ ဖြစ်ပါတယ်။ ၁၉၉၆ နောက်ပိုင်းမှာ တစ်နိုင်ငံလုံးရဲ့ ဘိန်းစိုက်ဧကကို ၈၀ ရာ ခိုင်နှုန်းကျော်အထိ လျှော့ချနိုင်ခဲ့တယ်လို့ ပြောပေမယ့် ဒီနှစ်ထဲမှာတော့ ထုတ်လုပ်မှုရော စိုက်ပျိုးမှုပါ တက်လာတယ်လို့ အစိုးရဘက်က ပွင့်ပွင့်လင်းလင်း ပြောလာတာ ဖြစ်ပါတယ်။

အစိုးရဟာ ၂၀၁၄ မှာ တစ်နိုင်ငံလုံး မူးယစ်ဆေးဝါး ပပျောက်ဖို့ ၁၅ နှစ် စီမံကိန်းချပြီး လုပ်ခဲ့ပေမယ့် အခုတော့ ၅ နှစ် ထပ်တိုးပြီး ၂၀၁၉ ကို ရွှေ့ခဲ့ရပါတယ်။ အခုလို ထပ်တိုးလိုက်တဲ့ နှစ်မှာပဲ စိုက်ပျိုး ထုတ်လုပ်မှုတွေ တိုးလာတာဖြစ်လို့ လာမယ့် ၂၀၁၉ မှာ ပပျောက်ဖို့ ဆိုရင် နိုင်ငံတကာနဲ့ ပေါင်းပြီး အထူး အစီအမံတွေနဲ့ လုပ်ဖို့ လိုနေတယ်လို့ အချို့က သုံးသပ်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ