မြန်မာ့လူမျိုးရေးပဋိပက္ခ မလေးရှားရဲ စောင့်ကြည့်

  • 19 ဖေဖော်ဝါရီ 2014
malaysia_police ဓာတ်ပုံ မူပိုင် AFP
Image caption မလေးရှားရဲ စစ်ဆေးရှာဖွေ

မလေးရှားနိုင်ငံမှာ ဒီလဆန်းပိုင်းက မြန်မာ့ နိုင်ငံရေး လှုပ်ရှားသူ တဦး အသတ်ခံရမှု နဲ့ ရခိုင်တိုင်းရင်းသား ပါတီ ခေါင်းဆောင်တွေ ကို လုပ်ကြံဖို့ ကြိုးပမ်း တာတွေ နဲ့ ဆက်နွယ်ပြီး၊ မြန်မာ့ နိုင်ငံရေး နဲ့ လူမျိုးရေး ပဋိပက္ခ တွေကို အနီးကပ် စောင့်ကြည့် လေ့လာနေတယ် လို့ မလေးရှား ရဲစစ်ဆေးရေးမှုးချုပ် ခါလစ် အဘူဘက္ကာ က ပြောပါတယ်။

မလေးရှား နိုင်ငံ မှာ မြန်မာနိုင်ငံသားတွေ လည်း အများအပြား ရှိတဲ့ အတွက် မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ကိစ္စတွေ မလေးရှား ကို ကူးစက်လာတာမျိုး မဖြစ်စေချင် လို့ စောင့်ကြည့် နေရတဲ့ အကြောင်း ရဲစစ်ဆေးရေးမှုးချုပ် ခါလစ် အဘူဘက္ကာ က ပြောတာပါ။ ဒါ့အပြင် မြန်မာနိုင်ငံက နိုင်ငံရေး သမားတွေ မလေးရှား မှာ လာရောက်ပြီး အစည်းအဝေးတွေ၊ တွေ့ဆုံပွဲတွေ ကျင်းပတာကို လည်း ခွင့်မပြုဘူး လို့ သူ က ဆိုပါတယ်။ ဒါပေမဲ့ မလေးရှားဟာ လွတ်လပ်တဲ့ နိုင်ငံ ဖြစ်တဲ့ အတွက် တရားဝင် စာရွက် စာတန်း ကိုင်ဆောင်ထားသူ ဆိုရင်တော့ ပြည်ဝင်ခွင့် ကို ပိတ်ပင်မှာ မဟုတ်ဘူး လို့ ရဲစစ်ဆေးရေးမှုးချုပ် ခါလစ် အဘူဘက္ကာ က ပြောပါတယ်။

လုပ်ကြံဖို့ ကြံစည်တာ ကို ခံရတဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာအေးမောင် က လည်း သူတို့ ရခိုင်တိုင်းရင်းသား အဖွဲ့ ကို သေနတ်နဲ့ ပစ်ခတ်တဲ့ အမှု ကို မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့မှာ အမှုဖွင့်ထားပြီး ထွက်ဆိုချက် ပေးထားပေမဲ့၊ မြန်မာနဲ့ မလေးရှား ရဲ အဖွဲ့တွေ က ထပ်မံ ဆက်သွယ်တာ မရှိသေးကြောင်း ဘီဘီစီ ကို ပြောပါတယ်။

မလေးရှားရောက် မြန်မာ အသိုင်းအဝိုင်း ကြားမှာလည်း အရင်ကထက် လုံခြုံရေး အတွက် စိုးရိမ်ပူပန်မှု တွေ ရှိနေကြောင်း သိရပါတယ်။ အထူးသဖြင့် မလေးရှား နိုင်ငံမှာ မြန်မာနိုင်ငံက ရောက်လာတဲ့ မွတ်ဆလင်တွေ နဲ့ ဗုဒ္ဓဘာသာဝင် တွေ ဟာ နီးကပ်စွာ နေထိုင်၊ လုပ်ကိုင်စားသောက် ကြရလို့ အခြေအနေ တည်ငြိမ်ရေး အရေးကြီးကြောင်း ပြောကြပါတယ်။

UNHCR ကုလသမဂ္ဂ ဒုက္ခသည်များရုံး စါရင်းအရ မလေးရှား နိုင်ငံမှာ ရိုဟင်ဂျာ သုံးသောင်းခွဲ နီးပါးနဲ့ ရခိုင်လူမျိုး ရှစ်ထောင် နီးပါး ဟာ နိုင်ငံရေး ဒုက္ခသည် အဖြစ် စါရင်း ပေါက်သလို မြန်မာနိုင်ငံမှ တရားမဝင် လာရောက် အလုပ်လုပ်သူတွေ လည်း ထောင်ပေါင်း များစွာ ရှိနေကြပါတယ်။