လူ့အခွင့်အရေး လိုအပ်ချက်တွေ ရှိနေဆဲလို့ ကင်တားနားပြော

  • 19 ဖေဖော်ဝါရီ 2014
မစ္စတာ ကင်တားနားရဲ့ သတင်းစာ ရှင်းလင်းပွဲ

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေဟာ လွန်ခဲ့တဲ့ နှစ်တွေကထက် တိုးတက်မှုတွေ ရှိနေပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ ရှိနေဆဲဖြစ်သလို သတင်းစာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ တခြား လူ့အခွင့်အရေးလိုအပ်ချက်တွေ ရှိနေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားကပြောပါတယ်။

ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အပြီး မြန်မာနိုင်ငံက မထွက်ခွာခင် ရန်ကုန်လေဆိပ်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောခဲ့တာ ဖြစ်ပြီး သူသွားရောက်ခဲ့တဲ့ ရခိုင်ခရီးစဉ် ဒူချီးရားတန်းပြသနာ၊ ကချင်ပြည်နယ်ကိစ္စတွေနဲ့ လောလောဆယ် သတင်းစာနယ်ဇင်းသမားတွေ ဖမ်းဆီးခံနေရတဲ့ကိစ္စတွေကို အဓိက ပြောခဲ့ပါတယ်။

ဒူချီးရားတန်းပြသနာမှာ အဖြစ်မှန်နဲ့ကွဲလွဲချက်တွေ ရှိနေတယ်၊ ဒီကိစ္စကို စုံစမ်းဖို့ အစိုးရ ဖွဲ့စည်းပေးတဲ့ ကော်မရှင်ဟာ သီးခြားလွတ်လပ်တဲ့ ကော်မရှင်မဟုတ်တဲ့အတွက် လိုအပ်ချက်တွေ ရှိနေတယ်၊ လူသေဆုံးမှုမရှိဘူးလို့ အစိုးရ ဘက်က ပြောနေတာဟာ မဖြစ်နိုင်ဘူး၊ ဒါကြောင့် အသေအချာစုံစမ်းစစ်ဆေးဖို့ လိုတယ်လို့ မစ္စတာ ကင်တားနားက ထောက်ပြ ပြောဆိုခဲ့ပါတယ်။

ကချင်ပြည်နယ်မှာ စစ်ပွဲတွေ ဖြစ်နေဆဲဖြစ်ပြီး စစ်ပွဲတံေကြောင့် လူ့အခွင့်အရေးချိုးဖေါက်မှုတွေရှိနေဆဲ ဖြစ်ပြီး၊ ကလေးစစ်သား အသုံးပြုမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

သတင်းစာနယ်ဇင်းလွတ်လပ်ခွင့်ပတ်သက်လို့ မီဒီယာသမားတချို့ကို ဖမ်းဆီးထားတာဟာ စိုးရိမ်စရာအနေအထားလို့ သူက ဖေါ်ပြခဲ့ပြီး ပြည်သူပြည်သားတိုင်းဟာ သူတို့ လိုချင်တဲ့ အစိုးရနဲ့ သူတို့ လိုချင်တဲ့ သမ္မတကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိရမှာ ဖြစ်တဲ့အတွက် လက်ရှိ ဖွဲ့စည်းပုံကို ပြင်ဖို့ လိုတယ်၊ ဒီလို ဖွဲ့စည်းပုံက အဓိက လိုအပ်ချက်တွေကို မပြင်ဆင်ဘူးဆိုရင် ပြုပြင်ပြောင်းလဲ ဟာ လိုအပ်နေသေးတယ်လို့ ပြောရမှာ ဖြစ်ကြောင်း မစ္စတာ ကင်တားနားက ပြောသွားပါတယ်။

မစ္စတာ ကင်တားနားဟာ ကြေးနီစီမံကိန်းရှိရာ လက်ပံတောင်းတောင် ဒေသကို သွားရောက်ပြီး တရုတ် ကုမ္ပဏီ တာဝန်ရှိသူတွေ၊ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့သလို စပယ်တောင်နဲ့ ကြေးနီတောင် တို့ကိုလည်း သူသွားရောက် ခဲ့ပါတယ်။

မစ္စတာကင်တားနားရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် သက်တမ်းမှာ ဒါဟာ သူရဲ့ နောက်ဆုံးမြန်မာနိုင်ငံ ခရီးစဉ် ဖြစ်ပြီး သူ့ရဲ့ တွေ့ရှိချက် တွေကို ကုလ သမဂ္ဂမှာ ပြန်လည် တင်ပြ အစီရင်ခံမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ