မြန်မာ့ရဲကို EU က အဓိကရုဏ်း နှိမ်နှင်းရေး သင်တန်းပေး

  • 21 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption လေးစားလိုက်နာရမယ့် ကျင့်ထုံးတွေနဲ့အညီ လူအုပ်စုကို စနစ်တကျဖြိုခွဲတဲ့ နည်းတွေ မြန်မာရဲတွေကို သင်ပေးဖို့ရှိ

ဥရောပ သမဂ္ဂက မြန်မာ ရဲတပ်ဖွဲ့ကို အဓိကရုဏ်း နှိမ်နှင်းရေး သင်တန်းတွေ ပေးနေရာမှာ အခုလက်ရှိမှာ ရဲတပ်ဖွဲ့ဝင် ၁၀၀၀လောက်ကို သင်တန်းပေးခဲ့ပြီး နောက်ထပ်လည်း တသုတ်ပြီး တသုတ် သင်တန်းတွေ ပေးသွားဖို့ ရှိပါတယ်။

စီမံကိန်းကာလက ၂၀၁၅ ခုနှစ် မတ်လမှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။

လေးစားလိုက်နာရမယ့် ကျင့်ထုံးတွေနဲ့အညီ လူအုပ်စုကို စနစ်တကျ ဖြိုခွဲတဲ့ နည်းစနစ်ကို ဥရောပ သမဂ္ဂက လေ့ကျင့်သင်တန်း ပေးနေတာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စီမံရေးနဲ့ လေ့ကျင့်ရေး ညွှန်ကြားရေးမှူး ရဲမှူးချုပ် ဝင်းခေါင်က ဘီဘီစီကို ရှင်းပြပါတယ်။

ဒီသင်တန်းတွေမှာ ပြဿနာရဲ့ ရင်းမြစ်ကို ရှာဖွေပြီး စေ့စပ်ညှိနှိုင်းတာကနေ အဆင့်ဆင့် ဖြေရှင်းသွားတဲ့ နည်းတွေကို သင်ကြားပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အစောပိုင်းတုန်းကတော့ မြန်မာ ရဲတပ်ဖွဲ့အနေနဲ့ လူအုပ်စုနဲ့ စေ့စပ်ညှိနှိုင်းတာမျိုး မရှိခဲ့ကြောင်း၊ အခုဒီ သင်တန်းတွေမှာ လိုအပ်တာထက် အင်အား မသုံးပဲ ထိခိုက်မှု အနည်းဆုံးနဲ့ ပြဿနာကို ဘယ်လို ဖြေရှင်းမလဲ ဆိုတဲ့ ချဉ်းကပ်မှုအတိုင်း သွားတာ ဖြစ်ပြီး အနောက်နိုင်ငံရဲ့ လူ့အခွင့်အရေး စံတွေ၊ ဥပဒေကို လေးစား လိုက်နာမှု တွေကို အလေးပေး သင်ကြားပေးမှာ ဖြစ်ကြောင်း ပြောပါတယ်။

အခုလို လေ့ကျင့် သင်တန်းတွေ ပေးရုံတင်မကပဲ အဓိကရုဏ်း နှိမ်နှင်းရာမှာ ဝတ်ရတဲ့ ဝတ်စုံတွေ၊ ဒုတ်တွေ၊ ဒိုင်းတွေကိုလည်း မြန်မာ ရဲတပ်ဖွဲ့ကို ဥရောပ သမဂ္ဂက ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စီမံရေးနဲ့ လေ့ကျင့်ရေး ညွှန်ကြားရေးမှူး ရဲမှူးချုပ် ဝင်းခေါင်က ပြောပါတယ်။