ဘန်ကောက်ဗုံးကွဲ လူ၆ယောက် ဒဏ်ရာရ

  • 21 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ဗုံးပေါက်ကွဲမှု တခုက မြင်ကွင်း

နိုင်ငံရေး တင်းမာမှုတွေ ဖြစ်နေတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မနေ့ညက ဗုံးပေါက်ကွဲခဲ့လို့ ၆ ဦးဒဏ်ရာရ သွားပါတယ်။

ဒီလို နိုင်ငံရေး တင်းမာ မှုတွေ ရှိနေတဲ့ ကြားက လယ်သမားတွေကလည်း ဆန္ဒပြနေကြပါတယ်။

ထိုင်းအစိုးရကို ဆန့်ကျင် ဆန္ဒပြနေတဲ့ ဘန်ကောက်မြို့ ရတ်ပစုမ် သပိတ်စခန်း အနီး ပတူနမ့်လမ်းစုံမှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုကြောင့် လူ၆ ဦးဒဏ်ရာ ရသွားခဲ့ပါတယ်။

အခု ဗုံးပေါက်ကွဲမှုဟာ ခုံးကျော်တံတားပေါ်ကနေ အောက်ကို ပစ်ချ သွားပုံရတယ်လို့ ရဲက ခန့်မှန်း ပြောဆိုပါတယ်။

ဒါပေမယ့်လည်း ဘယ်သူဘယ်ဝါရဲ့ လက်ချက် ဆိုတာကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဆန္ဒပြပွဲတွေ စတင်ခဲ့တဲ့ ၄ လအတွင်း လူ၁၆ ဦးသေဆုံးပြီး ၇ဝဝ နီးပါး ဒဏ်ရာ ရခဲ့ပြီ ဖြစ်ပါတယ်။

ဆန္ဒပြပွဲတွေကလည်း လမ်းစုံလမ်းခွ အနည်းဆုံး ၆ နေရာလောက်မှာ ဆက်လက် ဆန္ဒပြနေတုန်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက သပိတ်စခန်းတခုကို ရဲက အင်အားသုံးပြီး ဖြိုခွင်းဖို့ ကြိုးစား ရာမှာ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါသေးတယ်။

ဆန္ဒပြသူတွေဘက်က အကာအကွယ်ပေးတဲ့ အမည်မသိ လူတစ်စုက လက်ပစ်ဗုံးနဲ့ ရဲကို ပစ်ခတ်ခဲ့ကြောင်းလည်း သိရပါတယ်။

ဆန္ဒပြပွဲတိုင်းမှာ အမည်မသိ လူစုက စစ်သုံးလက်နက်တွေနဲ့ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနေတဲ့အတွက် ရဲနဲ့ စစ်တပ်က လူတွေလားလို့ ဝေဖန် ပြောဆိုမှုတွေ ရှိနေပေမယ့် အခု အချိန်အထိတော့ ဖေါ်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။

အခုလို သွေးထွက်သံယိုမှုတွေ များလာနေချိန်မှာ ကောင်းကောင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အင်အားသုံးပြီး လူစုမခွဲရဘူးလို့ တရားရုံးက အမိန့် ထုတ်ထားတာကြောင့် အစိုးရက ဆန္ဒပြပွဲကို ကိုင်တွယ်ရ ခက်နေပါတယ်။

တဖက်မှာလည်း အစိုးရဆီမှာ စပါးကြွေးရမယ့် လယ်သမားတွေက ဆန္ဒပြနေကြ ပါတယ်။

စူဝမ်းဖုမ်းလေဆိပ်ကို ပိတ်ဆို့ ဆန္ဒပြဖို့ လယ်ထွန်စက်တွေနဲ့ ချီတက် လာနေတဲ့ ထိုင်းနိုင်ငံ အလည်ပိုင်းက လယ်သမားတွေကိုတော့ အစိုးရက စပါးဖိုး ပေးဖို့ ကတိပေး လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။

လာမယ့်အပတ်ကစပြီး စပါးဖိုးတွေကို စတင်ပေးသွားမယ်လို့ ၀န်ကြီးချုပ် ကတိပေးပြောကြားကြောင်း လယ်သမားတွေကို ဦးဆောင်လာတဲ့ အူထိုင်းထားနီ လွှတ်တော်အမတ်ဟောင်း ချဒါး ထိုင်းစေ့တ်က ဝန်ကြီးချုပ်နဲ့ စကားပြောအပြီးမှာ လယ်သမားတွေကို ပြန်ရှင်းပြခဲ့တာကြောင့် လယ်သမားတွေက အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ကုန်သွယ်ရေး ဝန်ကြီးဌာနမှာ ရာနဲ့ချီပြီး ရက်အတော်ကြာ ဆန္ဒပြနေတဲ့ လယ်သမားတွေကိုတော့ ကတိမပေး သေးတဲ့အတွက် သူတို့လည်း လယ်ထွန်စက်တွေနဲ့ ဆန္ဒပြမှ ရမယ်လို့ ပြောဆိုလာကြကြောင်း သိရပါတယ်။

တစ်နိုင်ငံလုံးပေးရမယ့် စပါးဖိုးက ဘတ်ငွေ သန်းပေါင်း ၁ သိန်း ၃ သောင်းကျော် ရှိပြီး ကျပ်ငွေနဲ့ ဆိုရင် သန်းပေါင်း ၄ သန်းနီးပါးဖြစ်ပါတယ်။

အစိုးရက ဘယ်ကငွေနဲ့ ပေးမလဲဆိုတာ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပါဘူး။

ဝန်ကြီးချုပ် ယင့်လတ်အစိုးရဟာ အိမ်စောင့်အစိုးရဖြစ်နေလို့ ငွေချေးခွင့်လည်း မရှိဘူး ဖြစ်နေပါတယ်။

လယ်သမားတွေ ဆိုတာ အစိုးရကို ထောက်ခံမဲ အများဆုံးပေးခဲ့တဲ့သူတွေ ဖြစ်တာကြောင့် ဆန္ဒပြတဲ့ လယ်သမားအများစုက အစိုးရကို ဆန့်ကျင်သူတွေနဲ့ သွားမပေါင်းပဲ သီးခြားဆီ ဆန္ဒပြနေတယ် ဆိုပေမယ့် ဝန်ကြီးချုပ် ယင့်လတ်ခ် အစိုးရအတွက် တပူပေါ် နှစ်ပူ ဆင့်ဖြစ်နေတုန်းဘဲလို့ နိုင်ငံရေး အကဲခပ်တွေက ဆိုကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ