ယူကရိန်း အကြမ်းဖက်မှု တာဝန်ရှိသူတွေကို ဒဏ်ခတ်ပိတ်ဆို့မယ်

  • 21 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ထိပ်တိုက်ရင်ဆိုင်မှုတွေအတွင်း ထိခိုက်သေဆုံးသူ အများအပြားရှိခဲ့

ယူကရိန်းနိုင်ငံ အကြမ်းဖက်မှုတွေ တိုးပွားလာ စေမှုမှာ တာဝန်ရှိသူတွေကို ဒဏ်ခတ် ပိတ်ဆို့မှု တွေ လုပ်ဖို့ EU ဥရောပ သမဂ္ဂ က သဘော တူလိုက်ပါတယ်။

ခရီးသွားလာခွင့်နဲ့ ငွေကြေး ထုတ်ယူသုံးစွဲခွင့် ပိတ်ပင် တားမြစ်မှုတွေအပါအဝင် ဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ အကြမ်းဖက်မှု ကျူးလွန်ခဲ့သူ ယူကရိန်းတွေကို ရည်ရွယ် တာ ဖြစ်တယ်လို့ အီတလီ နိုင်ငံခြားရေး ဝန်ကြီး Emma Bonino က ပြောပါတယ်။

အခုအခါ ဘယ်သူတွေကို ပစ်မှတ်ထား ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်ရမလဲဆိုတာကို ဥရောပ သမဂ္ဂက စာရင်းရေးဆွဲတော့မှာ ဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံမှာ လွတ်လပ်ရေးရပြီးချိန် လွန်ခဲ့တဲ့ အနှစ် ၂၀ကျော်ကတည်းက ဆိုရင် မနေ့က ကြာသပတေးနေ့ဟာ သွေးထွက်သံယို အများဆုံးနေ့ ဖြစ်ပါတယ်။

အကြမ်းဖက်မှုတွေ ရုတ်တရက် စဖြစ်ခဲ့တဲ့ အင်္ဂါနေ့ကတည်းက ဆိုရင် လူ ၇၅ဦးလောက် သေဆုံးခဲ့ပြီး ၅၇၀လောက် ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

ကိယက်ဗ်မြို့မှာ ရောက်နေတဲ့ ဥရောပ သမဂ္ဂ ကိုယ်စားလှယ် အဖွဲ့တဖွဲ့ကတော့ အတိုက်အခံတွေနဲ့ သမ္မတ ယနူကိုဗစ် အကြား အပြန်အလှန် ကူးလူးပြီး စေ့စပ်ညှိနှိုင်းနိုင်ဖို့ ကြိုးစားနေပါတယ်။

အတိုက်အခံ ခေါင်းဆောင် ဗီတာလီ ကလစ်ကို က သူတို့ဘက်ကတော့ အဆိုပြုချက်တချို့ ရှိထားကြောင်းနဲ့ ရလဒ်တချို့ ထွက်ပေါ်လာမယ်လို့ မျှော်လင့်ကြောင်း ပြောသွားပါတယ်။