MSFကို ရခိုင်ကထွက်ဖို့ ဆန္ဒပြမှုကိုဖြေရှင်း

  • 23 ဖေဖော်ဝါရီ 2014
_msf
Image caption MSF နယ်စီးမခြား ဆရာဝန်များ အဖွဲ့

စစ်တွေမြို့ မှ ရခိုင်ဒေသခံတွေ က နယ်စီးမခြား ဆရာဝန်များ အဖွဲ့ MSF နဲ့ AZG စတဲ့ NGO အဖွဲ့တွေ ကို ရခိုင်ပြည်နယ် က ထွက်ခွာ သွားဖို့ MSF ရုံး အရှေ့ မှာ ထိုင်သပိတ် မှောက် ကြပါတယ်။ MSF ရခိုင်က မထွက်မချင်း နေ့စဉ်ရက်ဆက် ဆန္ဒပြမယ် လို့ ဆိုပါတယ်။

ဆန္ဒပြရခြင်း အကြောင်းရင်းက ဒုချီးရားတန်း အရေးမှာ နိုင်ငံတကာ အဖွဲ့တွေ ကို သတင်း အမှားတွေ ပေးခဲ့တယ်၊ ဆေးကုပေးတဲ့ အဖွဲ့ ဆိုပေမဲ့ နိုင်ငံရေးမှာ ဝင်ရောက် စွက်ဖက်တယ် လို့ MSF ကို စွပ်စွဲတာပါ။ မြန်မာနိုင်ငံဆိုင်ရာ MSF မှ ဒုတိယ အကြီးအကဲ ဆိုင်မွန် တိုင်လာ ကတော့ MSFဟာ ဆေးဘက်ဆိုင်ရာ အကူအညီ တွေ ကို ပံ့ပိုး ကူညီ ကုသပေးရာမှာ လူမျိုးစု၊ နိုင်ငံရေး အယူအဆ၊ ဘာသာကွဲ၊ တိုင်းရင်းသား စသဖြင့် ခွဲခြား ဆက်ဆံမှု မရှိကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။ ကမ္ဘာ အနှံ့ နိုင်ငံပေါင်း ၆ဝ မှာ သန်းနဲ့ ချီတဲ့ လူတွေ အပေါ် ဒီပုံစံ နဲ့ဘဲ လူသားချင်း စာနာတဲ့ အကူအညီ တွေ ပေးနေတဲ့ အကြောင်း၊ နိုင်ငံရေး မှာ ဝင်ရောက် စွက်ဖက်တယ် လို့ စွပ်စွဲတာ ကို ငြင်းဆိုကြောင်း ပြောပါတယ်။

ဒုချီးရားတန်း အရေးမှာလည်း MSF ဆေးခန်း ကို ရောက်လာတဲ့ သူတွေကို လိုအပ်တဲ့ ဆေးကုသမှု ပေးပြီး၊ အစိုးရ ကျန်းမာရေး ဌာန မှာ ဆက်လက် ကုသမှု ခံယူဖို့ ပြောပြီး၊ လူနာ စါရင်း ကို သက်ဆိုင်ရာ ကျန်းမာရေး ဌာန ကို လွှဲပြောင်း ပေးကြောင်း၊ ဆေးကုသမှု ပြုရာမှာလည်း မွတ်ဆလင် တွေ ဘဲ ကုသပေးတယ်၊ ရခိုင်တွေ ကို ကုမပေးဘူး ဆိုတာ မဟုတ်မှန်ကြောင်း၊ ရခိုင်ပြည်နယ်မှာတင် ငှက်ဖျား ရောဂါသည်တွေ နဲ့ HIV ရောဂါသည် တွေ ကို ကုသပေးခဲ့ ရာမှာ လူမျိုးကွဲ၊ ဘာသာကွဲ ရယ် ခွဲခြားဆက်ဆံ ပြီး ကုသခဲ့တာ မရှိခဲ့ကြောင်း ဆိုင်မွန်တိုင်လာ က ပြောပါတယ်။

ဒုချီးရားတန်း ကိစ္စမှာ၊ သက်ဆိုင်ရာ အာဏာပိုင်တွေ က မေးမြန်းတာကိုဘဲ ဖြေကြားပြီး၊ မိမိ တို့ ဘက် က အသိပေးပါရစေ ဆိုပြီး ကမ်းလှမ်းတာ မဟုတ်ကြောင်း၊ ပွင့်လင်း မြင်သာမှု ကို အခြေခံ တဲ့ အဖွဲ့ဖြစ် လို့ စုံစမ်း စစ်ဆေးမှု တွေပြီးမှ၊ အာဏာပိုင်တွေ ကို အသိပေးပြီး၊ MSF အဖွဲ့အနေနဲ့ ကြေညာချက် နဲ့ စာတွေ ကို သက်ဆိုင်ရာ အဖွဲ့တွေ က တောင်းလို့ ပေးရပုံ၊ ဒေသ အာဏာပိုင်တွေ ရဲ့ ခွင့်ပြုချက် မရဘဲ ဘာမှ လုပ်မရပုံ၊ ဒါကြောင့် ဒေသ အာဏာပိုင်တွေ ကိုလည်း မေးမြန်းကြည့် စေလိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ MSF မှ ဒုတိယ အကြီးအကဲ ဆိုင်မွန် တိုင်လာ က ဘီဘီစီ ကို ရှင်းပြပါတယ်။