ဝသွေးစည်းညီညွတ်ရေး အဖွဲ့ဝင်တွေ သမ္မတနဲ့ တွေ့မယ်

  • 22 ဖေဖော်ဝါရီ 2014
Image caption ဝဒေသကို ပြည်နယ်တခု အဖြစ် သတ်မှတ်ပေးဖို့ UWSA က တောင်းဆိုနေ

UWSA ဝသွေးစည်း ညီညွတ်ရေး အဖွဲ့က ဦးပေါ်လိုက်ခမ်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ဝင်တွေဟာ သမ္မတ ဦးသိန်းစိန်နဲ့ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံဖို့ ရှိပါတယ်။

အခု လာမယ့် တနင်္လာနေ့မှာတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မီတီနဲ့ နေပြည်တော်မှာ တွေ့ဆုံမှာ ဖြစ်ပြီး တနိုင်ငံလုံး အပစ်အခတ် ရပ်ရေးမှာ လက်မှတ် ရေးထိုးဖို့ ကိစ္စတွေကို ဘယ် အချိန် ဘယ်အခါမှာ ဘယ်လို ဆောင်ရွက်ကြမလဲ ဆိုတာ အပါအဝင် ငြိမ်းချမ်းရေး ကိစ္စရပ်တွေ ဆွေးနွေး ပြောဆိုဖို့ ရှိတယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီဝင် ဝဒေသ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဆိုင်ပေါင်းနပ် က ဘီဘီစီ ကို ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ကိုတော့ နိုင်ငံတော် အကြီးအကဲအဖြစ် သွားရောက် ဂါရဝပြု တွေ့ဆုံမှာ ဖြစ်ကြောင်း၊ ဒါပေမယ့် ဝဒေသကို ပြည်နယ်အဖြစ် ဖွဲ့စည်းပေးရေး ကိစ္စရပ်ကိုလည်း UWSA ဘက်က တင်ပြ ဆွေးနွေးမယ့် ပုံရှိကြောင်း သူက ပြောပါတယ်။

ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု အဖွဲ့နဲ့ UWSA ညှိနှိုင်း ဆွေးနွေးတဲ့အခါတိုင်း ဝဒေသကို ပြည်နယ်အဖြစ် ဖွဲ့စည်းပေးရေး ကိစ္စရပ်ကို အမြဲ တင်ပြ ဆွေးနွေးခဲ့ပေမယ့် နိုင်ငံတော် အကြီးအကဲတွေကို တင်ပြမယ်လို့သာ တုန့်ပြန်ခဲ့ကြောင်း၊ အခုတော့ ဒီကိစ္စကို မျက်နှာချင်းဆိုင် တွေ့ဆုံပြီး ပြောဆိုခွင့် ရလာမှာမို့ အချင်းချင်း လိုလားချက်တွေကို ပိုမို သိလာတဲ့အတွက် ဖြေရှင်းဖို့ ရှေ့တလှမ်း လှမ်းနိုင်မယ်လို့ မျှော်လင့်ရကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီဝင် ဝဒေသ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဆိုင်ပေါင်းနပ် က ပြောပါတယ်။