သိမ်းဆည်းမြေအတွက် လုပ်ငန်းရှင်တွေ လျော်ကြေးပေး

  • 23 ဖေဖော်ဝါရီ 2014
Image caption လယ်ယာမြေ မတရား သိမ်းမှုတွေကြောင့် လယ်သမားတွေ ဆန္ဒပြ တောင်းဆို

အစိုးရ သိမ်းပြီး စီးပွားရေး လုပ်ငန်းရှင်တွေကို ရောင်းချထားတဲ့ ရန်ကုန်တိုင်း လှိုင်သာယာ မြို့နယ်က အနော်ရထာ စက်မှုဇုံ မြေကွက် အတွက် နစ်နာသူ လယ်သမားတွေက လျော်ကြေးငွေ ပြန်ရဖို့ တောင်းဆိုနေတာ ၃နှစ်တိတိ ရှိသွားပါပြီ။

ဒီကနေ့မှာတော့ နစ်နာသူ လယ်သမား ၈ဦးကို အဲဒီ စက်မှုဇုံက လုပ်ငန်းရှင်တွေက လျော်ကြေးငွေ သိန်းတထောင် ပေးလျော်ခဲ့တယ်လို့ သိရပါတယ်။

အစိုးရထံက လွန်ခဲ့တဲ့ ၃နှစ် ၄နှစ်လောက်ကတည်းက ဒီမြေကွက်တွေကို ဝယ်ယူခဲ့ပေမယ့် ပြဿနာတွေကြောင့် လုပ်ငန်းတွေ မလုပ်နိုင် ဖြစ်ခဲ့တာကြောင့် လုပ်ငန်းရှင်တွေက လျော်ကြေးပေး လျော်ခဲ့ကြတာလို့ သိမ်းဆည်းခံ လယ်မြေနဲ့ အခြားမြေများ ပြဿနာ စုံစမ်းရေး ကော်မရှင်ရဲ့ အဖွဲ့ဝင် တဦး ဖြစ်တဲ့ အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောပါတယ်။

ရန်ကုန်တိုင်း တခုထဲမှာတင် လျော်ကြေးငွေ သိန်း၄သောင်း ကျော် ပေးလျော်ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် နိုင်ငံတဝှမ်းမှာတော့ အစိုးရနဲ့ စစ်တပ်က သိမ်းဆည်းထားတဲ့ မြေတွေ ပြန်ရရေး အတွက် တောင်းဆို ဆန္ဒပြမှုတွေ ဆက်ဖြစ်နေဆဲ ဖြစ်ပါတယ်။

ပြည်ထဲရေး ဒုတိယ ဝန်ကြီးကတော့ သိမ်းဆည်းခံ လယ်မြေနဲ့ အခြားမြေများ ပြဿနာ စုံစမ်းရေး ကော်မရှင်ရဲ့ အစီရင်ခံစာပါ တိုင်ကြားမှုတွေထဲက သိမ်းဆည်းမြေ တဝက်လောက် ဟာ အကြောင်း ခိုင်မာတဲ့အတွက် အစိုးရက ပြန်ပေးဖို့ မရှိဘူး ဆိုပြီး လွှတ်တော်မှာ ကြာသပတေးနေ့က ပြောသွားပါတယ်။

အဲဒီမြေတွေထဲမှာ စစ်တပ်က စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေ လုပ်ဖို့ သိမ်းထားတဲ့ မြေတွေလည်း ပါဝင်ပါတယ်။

အရင်က နိုင်ငံတော်ရဲ့ အခြေအနေအရ တပ်တွေက သက်သာချောင်ချိရေး ရံပုံငွေ ရဖို့ လယ်မြေတွေ သိမ်းပြီး စိုက်ပျိုး မွေးမြူရေးလုပ်ငန်းတွေ လုပ်ခဲ့ကြတာ ဖြစ်ပေမယ့် အခုအခါ ကာကွယ်ရေးရဲ့ ဘတ်ဂျက်ငွေကို လွှတ်တော်က ဖြည့်ဆည်း ပေးခဲ့သလို ကာကွယ်ရေး လုပ်ငန်းကြီးတခု ဖြစ်တဲ့ ဦးပိုင် လုပ်ငန်း ကိုလည်း လုပ်ခွင့်ပေးထားတာကြောင့် မြေလွတ်မြေရိုင်း တွေကို ဖြစ်ဖြစ် ဆင်းရဲသား လယ်သမားတွေဆီက လယ်ယာမြေတွေကို ဖြစ်ဖြစ် စစ်တပ်က သိမ်းယူပြီး စီးပွားရေး လုပ်ငန်းတွေ မလုပ်သင့်တော့ကြောင်းနဲ့ နိုင်ငံတော်က ထောက်ပံ့တဲ့ တခြား ရံပုံငွေတွေ တခြား စီးပွားရေး လုပ်ငန်းတွေကိုသာ လုပ်သင့်ကြောင်း သိမ်းဆည်းခံ လယ်မြေနဲ့ အခြားမြေများ ပြဿနာ စုံစမ်းရေး ကော်မရှင်ရဲ့ အဖွဲ့ဝင် ဦးခိုင်မောင်ရည် က ပြောပါတယ်။