လမုတော ထိန်းသိမ်းရေး ရာသီဥတု ပြောင်းမှု ကာကွယ်ပေး

  • 24 ဖေဖော်ဝါရီ 2014
mangrove_
Image caption လမုတော ထိန်းသိမ်းရေး

Mangrove and Climate Change မြန်မာလို (လမုပင်များနဲ့ ရာသီဥတု ပြောင်းလဲလာမှု )ဆိုတဲ့ ခေါင်းစဉ်နဲ့ နှီးနှောဖလှယ်ပွဲတခုကို Worldview Myanmar နဲ့ Worldview International Foundation အဖွဲ့တို့ ပူးတွဲပြီး ရန်ကုန်မြို့မှာ မနေ့က ကျင်းပခဲ့ပါတယ်။

ရာသီဥတု ပြောင်းလဲလာမှုကို တနည်းတလမ်း ကာကွယ်ပေးနေတဲ့ ဒီရေတော လမုပင်တွေ မြန်မာနိုင်ငံမှာ ပမာဏ တဝက်လောက်အထိ လျော့ကျလာနေတာကို ဟန့်တားနိုင်ရေး၊ လမုပင်တွေ ပြန်လည် ပျိုးထောင်စိုက်ပျိုးနိုင်ရေးစတာတွေကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

လမုပင်တွေက ရာသီဥတု ပြောင်းလဲလာမှုအပေါ် ဘယ်လို တားဆီးကာကွယ်ပေးနိုင်တာပါလဲ ဆိုတဲ့ အချက် နဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ လမုပင်တွေက ဘယ်လို အကျိုးပြုနိုင်ပါသလဲ ဆိုတာ ကို Worldview Myanmar Foundation အဖွဲ့ ဥက္ကဌ ဦးအေးလွင်က ဘီဘီစီ ကို ရှင်းပြရာမှာ မြန်မာနိုင်ငံမှာ လမုပင် အမျိုးအစားပေါင်း ၆ဝ ခန့် ရှိတဲ့ အနက် ပင်လယ်ကမ်းစပ် မှာ ပေါက်တဲ့ အပင်တွေ က ၃ နှစ် မှ ၆ နှစ် ဆိုရင် ပင်စည်က အတော်ကြီးလာပြီး အောက်ခြေ က အမြစ်တွေက ရေထဲမှာ ပြန့်ပွားမှု ကြောင့် ရေသတ္တဝါ ပေါက်အောင် အားပေးတဲ့ အကြောင်း၊ တခါ ပင်စည် ကြီးလာတာနဲ့ အမျှ ကမ်းရိုးတန်း တလျှောက် ကျရောက်တဲ့ ဆိုင်ကလုန်း မုန်တိုင်း၊ ဆူနာမီ ဒီလှိုင်း တို့ လာရင်လည်း လေဒဏ်၊ ရေဒဏ် ကို တားဆီးပေး ကြောင်း ပြောပါတယ်။

ဒါ့အပြင်၊ လမုပင် ရဲ့ အာနိသင်က ကမ္ဘာကြီး ကို ပူနွေးစေတဲ့ ကာဘွန်ဒိုင် အောက်ဆိုက် ဓါတ်ငွေ့ ကို စုပ်ယူလို့ လမုပင် များများရှိလေ၊ကာဘွန်ဒိုင် အောက်ဆိုက် ဓါတ်ငွေ့ ကို ပိုမိုစုပ်နိုင်ကြောင်း လည်း ဦးအေးလွင်ကပြောပါတယ်။

မြန်မာနိုင်ငံမှာ လမုပင် တွေ လျော့ပါးသွား ရခြင်း အကြောင်းထဲမှာ ရာသီဥတု ကြောင့်နဲ့၊ လူတွေ ရဲ့ မဆင်မခြင် ခုတ်ထွင် ရှင်လင်းမှုတွေ ကြောင့် လို့ ပြောပါတယ်။ အပင်တွေ ကို ခုတ်ပြီး လယ်ထွန်၊ ပုဇွန်ကန်တူး၊ မီးသွေးဖုတ် စတာတွေ ကြောင့် လမုတော တွေ ဆုံးရှုံးပုံ၊ အဲဒီ အတွက် အစားထိုး စီးပွားရေး လုပ်ငန်းတွေ ကို သက်ဆိုင်ရာ အာဏာပိုင်တွေ က ဖန်တီးပေး နိုင်ပုံ လိုအပ်တာ တွေ ကိုWorldview Myanmar Foundation အဖွဲ့ ဥက္ကဌ ဦးအေးလွင်က ဘီဘီစီ ကို ရှင်းပြပါတယ်။