သမီးလေး မြေနေရာ ပြန်ရမယ်

  • 24 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် google

ပဲခူးတိုင်း ဒေသကြီး အောင်သိဒ္ဓိ ဘုန်းကြီး ကျောင်း မှာ ခိုလှုံနေတဲ့ သမီး ကလေး ကျေးရွာက အိမ်ထောင်စု (၁၅၇)စု အတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့က မြေကွက်တွေ ပြန်လည် ချပေးမယ်လို့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလှသန်းက BBC ကို ပြောပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး လှည်းကူး မြို့နယ်မှာ ရှိတဲ့ သမီး ကလေး ကျေးရွာဟာ တပ်ပိုင်မြေ ပေါ်မှာ ရှိ နေတယ် ဆိုပြီး အခုလ အစောပိုင်း တုန်းက အာဏာပိုင် တွေဟာ တရွာ လုံးမှာ ရှိတဲ့ အိမ်ခြေ(၄၀၀)လောက်ကို ဖြိုဖျက် ခဲ့တာ ကြောင့် နေစရာ မရှိတဲ့ ရွာသား တွေဟာ အနီး တဝိုက်မှာ ရှိတဲ့ ပဲခူးတိုင်း ဒေသကြီး အောင်သိဒ္ဓိ ဘုန်းကြီး ကျောင်းမှာ သွားရောက် ခိုလှုံ နေကြတာ ဖြစ်ပါတယ်။

ဒါပမယ့် အခု မြေနေရာ ပြန်ပေးမယ် ဆိုတာဟာ သမီးကလေး ကျေးရွာက အဖျက် ခံရတဲ့ အိမ်ခြေ (၄၀၀)ကျော် စလုံးကို ပြန် စီစဉ် ပေးမှာ မဟုတ်ဘဲ အောင်သိဒ္ဓိ ဘုန်းကြီး ကျောင်းမှာ ခိုလှုံ နေတဲ့ သမီးကလေး ကျေးရွာသူ ရွာသားတွေ အတွက် အိမ်ထောင် တစ်စုကို ပေ (၄၀) (၆၀) အကျယ် ရှိမယ့် မြေကွက် တွေကို ရန်ကုန်တိုင်း ဒေသကြီး လှည်းကူး မြို့နယ် မင်းကုန်း ကျေးရွာ အုပ်စု ဝါးယားကုန်း ကျေးရွာ အနီးမှာ ပြန်လည် နေရာ ချပေးမှာ ဖြစ်တယ် လို့ ဆိုပါတယ်။

အစတုန်း ကတော့ ဒီ အိမ်ယာမဲ့ ဒုက္ခသည် တွေကို ပဲခူးတိုင်း ထဲကနေ မတ်လ(၁၇)ရက်နေ့မှာ အပြီး ပြောင်းဖို့ အာဏာပိုင် တွေက အကြောင်း ကြားစာ ထုတ်ပြန် ထား ခဲ့တာပါ။

ဒါပေမယ့် ဒီ(၁၇)ရက်နေ့ မတိုင်ခင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ က စီစဉ်ပေးမယ့် မြေကွက် တွေက အသင့် မဖြစ် သေးဘူး ဆိုရင်တော့ ဘုန်းကြီး ကျောင်းမှာ ဆက်နေလို့ ရအောင် ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်း အစိုးရ အဖွဲ့ အချင်းချင်း ညှိနှိုင်း ဆောင်ရွက် မယ်လို့ လွှတ်တော် ကိုယ်စားလှယ် ဦးလှသန်းက ပြောပါတယ်။

အခုလို မြေ အစားပေး တာ အပြင် (၁)သိန်း ကနေ (၂)သိန်း ငွေကြေး ပမာဏကို အိမ်ဆောက်ဖို့ ကုန်ကျ စရိတ် အတွက် စိုက်ထုတ် ပေးဖို့ အစိုးရကို တင်ပြ ထားတယ်လို့ ဦးလှသန်းက ပြောပါတယ်။

ရွာသားတွေ ကတော့ တခြား နေရပ်မှာ လုပ်ကိုင် မစားသောက် တတ်တာကြောင့် ဒီရွာ ကနေ ပြောင်းနေဖို့ ဆန္ဒ မရှိကြ ဘူးလို့ အောင်သိဒ္ဓိ ဘုန်းကြီး ကျောင်း မှာ ခိုလှုံနေတဲ့ သမီး ကလေး ကျေးရွာသူ မချောစု က ပြောပါတယ်။

အခုရက်တွေ အတွင်း ရန်ကုန်တိုင်း ထဲမှာ ရှိတဲ့ လှိုင်သာယာ၊ တွံတေး၊ စတဲ့ ကျူးကျော် အိမ်တွေ အဖျက်ခံ ခဲ့ရ ပေမယ့် သမီး ကလေး ကျေးရွာမှာ နေထိုင် သူတွေ ကို မြေကွက် နေရာ အစား ပြန်ပေးတာ ကတော့ ပထမဆုံး ကြားရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ