ကမ်းနီးပင်လယ်မှာ ကမ်းဝေးသင်္ဘောတွေ ငါးဖမ်းတာကို ကန့်ကွက်

  • 25 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ငါး ရှာမရလို့ ဒေသခံ ရေလုပ်သားတွေ အခက်ကြုံနေရ

ရခိုင်ပြည်နယ် အတွင်း ပင်လယ်ကမ်းနီး ငါးဖမ်းကွက်တွေမှာ ကမ်းဝေး ငါးဖမ်း သင်္ဘာတွေ ဝင်ပြီး ငါးဖမ်းနေတာကို ရပ်တန့်ဖို့ ဂွမြို့နယ် ကျိန္တလီ မြို့နယ်ခွဲက ဒေသခံ ရေလုပ်သားတွေက ဒီကနေ့ အင်္ဂါနေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ရန်ကုန်က လာတဲ့ ကမ်းဝေး ငါးဖမ်း သင်္ဘောကြီး တွေက ကမ်းနီးမှာ ပိုက်ကြီးတွေနဲ့ ဝင်ရောက် ဖမ်းနေတဲ့ အတွက် ငါးပုဇွန်တွေ ရှားပါးသွားပြီး ငါးတွေ ရှာမရတဲ့အထိ ဖြစ်လာတာကြောင့် ရေလုပ်သားတွေရဲ့ စားဝတ်နေရေးကိုပါ ထိခိုက်လာတယ်လို့ ပြောပါတယ်။

ကမ်းဝေး သင်္ဘောတွေ ကမ်းနီး ပင်လယ်ရေပြင်ထဲ ဝင်ရောက် ငါးဖမ်းနေတာကို ပြည်ထောင်စု အစိုးရက တားဆီး ပေးဖို့နဲ့ ဒီလုပ်ရပ်ဟာ ဒေသခံ ရေလုပ်သားတွေရဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အစီအစဉ်ကိုလည်း ထိခိုက်နေတဲ့ အတွက် အရေးယူပေးဖို့ ဆန္ဒပြသူတွေက အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။

ပင်လယ် ကမ်းခြေကနေ ၅ မိုင်နဲ့ ၁၀ မိုင်အတွင်း ကမ်းဝေး ငါးဖမ်းသင်္ဘောတွေ ဝင်မဖမ်းရဘူး ဆိုတဲ့ သတ်မှတ်ချက်တွေ ထုတ်ထားပေမယ့် ရခိုင် အပါအဝင် ဧရာဝတီ၊ တနင်္သာရီ တိုင်း တို့မှာလည်း ကမ်းဝေး သင်္ဘောတွေက ဝင်ငါးဖမ်းမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ရေလုပ်သားတွေဟာ ခုလို ဆန္ဒပြ ကန့်ကွက်တဲ့ အပြင် သူတို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို နိုင်ငံတော် အကြီးအကဲတွေ သိရှိအောင် စာရေး တင်ပြသွားမယ်လို့လည်း ပြောပါတယ်။

ခုလို ဖြစ်ပျက်နေတာကို မြန်မာနိုင်ငံ ငါးလုပ်ငန်းရှင် အဖွဲ့ချုပ်ဆီ တရားဝင် စာရေး တိုင်ကြားမယ် ဆိုရင်တော့ သက်ဆိုင်ရာ ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ်နဲ့ တိုင်း ဒေသကြီး အစိုးရတွေဆီကို တင်ပြပြီး ပြဿနာ ပြေလည်မူ ရရှိရေး အတွက် ဆောင်ရွက်ပေးသွားမယ်လို့ ဦးဝင်းကြိုင်က ပြောပါတယ်။