ပူးပေါင်း စစ်ဆင်မှု လေ့ကျင့်ခန်းများ ပြုလုပ်

  • 26 ဖေဖော်ဝါရီ 2014
မြဝတီ ရုပ်မြင်သံကြားမှာ ပြသွားတဲ့ စစ်ရေးလေ့ကျင့်ခန်း ဓာတ်ပုံ မူပိုင် Bur Army
Image caption မြဝတီ ရုပ်မြင် သံကြားမှာ ပြသွားတဲ့ စစ်ရေး လေ့ကျင့်ခန်း

မိတ္ထီလာ အနောက်ဘက် ၂၅ မိုင်လောက် အကွာမှာရှိတဲ့ ရှုရပ်ကုန်းမှာ လေ့ကျင့်တာ ဖြစ်ပါတယ်။ တိုက်လေယာဉ်တွေ ရဟတ်ယာဉ်တွေ၊ တင့်ကားနဲ့ အမြောက်တပ်တွေ က ကျည်ဆံ အစစ်တွေနဲ့ အတော်လေး ကြီးကြီး ကျယ်ကျယ် လေ့ကျင့်တာ ဖြစ်ပါတယ်။ အခုစစ်ရေး လေ့ကျင့်ပွဲက ပစ်ခတ်မှုတွေကို မြဝတီ ရုပ်မြင် သံကြားမှာ အပြည့်အစုံ ပြသတဲ့အပြင် လေ့ကျင့်ပွဲက တပ်မှူးတွေကိုလည်း အမေးအဖြေ လုပ်ပြီး တင်ပြ သွားတာကို တွေ့ရပါတယ်။

အခုလို ပူးတွဲ စစ်ရေး လေ့ကျင့်ပွဲကို ၁၉၉၆ ခုနှစ်က ပထမအကြိမ် လေ့ကျင့်ခဲ့ဖူးပြီး အခုတော့ အဆင့်မြင့်တဲ့ လက်နက်တွေ လေယာဉ်တွေ သုံးလာတာ ဖြစ်တယ်လို့ တပ်မှူးဟောင်း အမျိုးသား လွှတ်တော်အမတ် ဦးလှဆွေက ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် ကျည်အစစ်တွေသုံးပြီး အကြီးအကျယ် တိုက်ခိုက်တဲ့ လေ့ကျင့်မှုမျိုးကို လူထုကို အရင်က မပြခဲ့ပေမယ့် ပြီးခဲ့တဲ့ တပ်မတော်နေ့ ကတည်းက လက်နက်တွေကို ပြခဲ့ကြောင်း၊ ဒါဟာ ပိုပွင့်လင်း မြင်သာလာပြီး စစ်ခေါင်းဆောင်တွေက လူထုကို ချပြဖို့ လိုပြီလို့ မူဝါဒ ပြောင်းလာတာဖြစ်ကြောင်း တပ်မတော်အရာရှိ တစ်ယောက်က ပြောပါတယ်။

စစ်ရေး လေ့ကျင့်ခန်းမှာ ပါဝင်တဲ့သူတွေကို ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောရာမှာ မြန်မာနိုင်ငံရဲ့ ကာကွယ်ရေး မူဝါဒက ပြည်ပကို ကျူးကျော်ဖို့ မဟုတ်ဘဲ နိုင်ငံတော်ကို ကာကွယ်ဖို့ ဖြစ်တယ်၊ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ Standard Army အဖြစ် တည်ဆောက်နေတယ်လို့ ပြောသွားပါတယ်။

မြန်မာ့အရေး လေ့လာ အကဲခတ်တဲ့ စာရေးဆရာ ဘာတေးလစ်တနာ ကတော့ စစ်တပ်ဟာ လူအင်အား လက်နက်အင်အား ပြည့်စုံပြီး လူတွေ အလေးထားရမယ့် အဖွဲ့အစည်း ဖြစ်တယ် ဆိုတာကို အင်အားပြတဲ့ သဘောလို့ သုံးသပ်သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ