မျိုးစောင့် ဥပဒေ တောင်းဆိုချက် လွှတ်တော်ကို သမ္မတပို့

  • 26 ဖေဖော်ဝါရီ 2014
Monks Conference in Burma
Image caption အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ သံဃာ့ ညီလာခံ

အမျိုးဘာသာ သာသနာ စောင့်ရှောက် နိုင်ရေးအတွက် ဥပဒေ ၄ ခု ပြဋ္ဌာန်း ပေးဖို့ နိုင်ငံတော် သမ္မတကို မြန်မာ နိုင်ငံ သား တစ်သန်းကျော်က လက်မှတ်ရေးထိုး တောင်းဆိုခဲ့တဲ့ကိစ္စမှာ လိုအပ်သလို ဥပဒေပြု နိုင်ရေး ဆောင်ရွက်ပါလို့ သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော်နာယကကို သဝဏ်လွှာ ပေးပို့လိုက် ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းရာမှာ အဓိကကျတဲ့ လူမှုရေး မညီမျှမှုတွေ ပြေလည်အောင် ဥပဒေ ၄ရပ်ကို ပြဋ္ဌာန်း ပေးဖို့ အမျိုး ဘာသာသာသနာစောင့်ရှောက်ရေး အဖွဲ့-ဗဟို ဥက္ကဌ ဆရာတော်က နိုင်ငံသားပေါင်း ၁၃၃၅၆၀၀ တို့ရဲ့ လက်မှတ်တွေနဲ့ အတူ ပြီးခဲ့တဲ့နှစ် ဇူလိုင်လ တောင်းဆို ခဲ့တာ ဖြစ်ပါတယ်။

ပြည်ထောင်စု လွှတ်တော် ကတော့ သမ္မတရဲ့ သဝဏ်လွှာတိုင်းကို အစဉ်အမြဲ အလေးထား ဆောင်ရွက်လေ့ ရှိတယ်၊ ဥပဒေပြုရေး ကိစ္စမှာတော့ ဥပဒေကြမ်း အဖြစ် တင်သွင်းခွင့် ရှိသူက တင်သွင်းလာတဲ့ ဥပဒေကြမ်းကို လက်ခံ ဆွေးနွေးဖို့ သင့်မသင့် ဆိုတာကစပြီး လွှတ်တော်ရဲ့ လုပ်ငန်းစဉ်တွေ အတိုင်း အဆင့်ဆင့် လုပ်ဆောင် သွားဖို့ လိုတယ်လို့ ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ကော်မီတီ အဖွဲ့ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ဘီးလင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးမိုးအောင်က ပြောပါတယ်။

အမျိုးဘာသာ သာသနာ စောင့်ရှောက် နိုင်ရေးဆိုတဲ့ ဥပဒေတွေကို လွှတ်တော်မှာ ကိုင်တွယ် ဆောင်ရွက်တဲ့ အခါ မြန်မာ နိုင်ငံရဲ့ ဖွဲ့စည်းပုံ၊ ပထဝီ အနေအထားနဲ့ လူမျိုးပေါင်းစုံ ဘာသာ ပေါင်းစုံ နေထိုင်ကြတဲ့ အနေအထားတို့ကြောင့် အခက်အခဲတွေ စိန်ခေါ်မှုတွေ အများ အပြား ရင်ဆိုင်ရနိုင်တယ်လို့ လည်း သူက ပြောပါတယ်။

တောင်းဆိုတဲ့ ဥပဒေ လေးခုက ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းနဲ့ ဆိုင်တဲ့ဥပဒေ၊ လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယား စနစ် ကျင့်သုံးရေး ဆိုင်ရာ ဥပဒေ နဲ့ လူဦးရေ တိုးပွားနှုန်း ထိန်းညှိရေး ဆိုင်ရာ ဥပဒေတွေ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ