အစိုးရရဲ့ ပိတ်ပင်မှုကို MSF ထိတ်လန့် အံ့သြ

  • 28 ဖေဖော်ဝါရီ 2014
MSF Myanmar ဓာတ်ပုံ မူပိုင် MSF
Image caption ရခိုင်ပြည်နယ်ထဲက MSF ဆေးခန်းတခု (ဓာတ်ပုံ MSF Myanmar)

နိုင်ငံတကာ ကျန်းမာရေး စောင့်ရှောက်မှု ပရဟိတ အဖွဲ့တဖွဲ့ ဖြစ်တဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF က မြန်မာပြည်ထဲက သူတို့ရဲ့ လုပ်ငန်းတွေ ဆက်လုပ်ကိုင်ခွင့် ရပ်နားထားဖို့ အစိုးရက ညွှန်ကြား ခဲ့တာနဲ့ ပတ်သက်ပြီး အံ့အားသင့် တုန်လှုပ် မိတယ်လို့ ပြောလိုက် ပါတယ်။

သူတို့ လုပ်ငန်းတွေ ရပ်လိုက်ဖို့ ရခိုင်ပြည်နယ်အစိုးရက ဗုဒ္ဓဟူးနေ့က အကြောင်းကြားခဲ့ပါတယ်။

MSF ရဲ့ ရခိုင်ပြည်နယ်ထဲမှာ ပေးနေတဲ့ အကူအညီတွေဟာ ဘက်လိုက်မှုရှိတယ်၊ ပွင့်လင်း မြင်သာမှု မရှိဘူးလို့ သမ္မတရဲ့ ပြောခွင့်ရ ဦးရဲထွတ်က ဘီဘီစီကို ပြောပါတယ်။

မကြာခင်သေးခင် လပိုင်းတွေကစလို့ စစ်တွေနဲ့ တချို့မြို့တွေမှာ ဒေသခံတွေက MSF နဲ့ နိုင်ငံတကာ အဲန်ဂျီအိုတွေ ရခိုင်ပြည်နယ်ထဲက ထွက်သွားဖို့ ဆန္ဒပြ တောင်းဆိုမှုတွေ လုပ်လာခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် MSF
Image caption ဘာသာလူမျိုး မခွဲပဲ ကုပေးနေတယ်လို့ ဆိုပါတယ်(ဓာတ်ပုံ MSF Myanmar)

MSF ကတော့ သူတို့ ပေးနေတဲ့ အကူအညီ တွေဟာ နိုင်ငံတကာ စံနှုန်းတွေ၊ ဆေးကုသမှု ဆိုင်ရာ ကျင့်ဝတ်တွေ အတိုင်းပဲ လူမျိုး၊ ဘာသာ၊ ကျားမ ခွဲခြားမှု မရှိပဲ ပေးနေတာ ဖြစ်ပြီး ရခိုင်ပြည်နယ် ထဲမှာ ဆိုရင် ဌက်ဖျားရောဂါ ခံစား နေရသူပေါင်း တစ်သန်းကျော်ကို ဆေးဝါး ကုသပေးခဲ့ပြီးပြီ လို့ဆိုပါတယ်။

အစိုးရရဲ့ အမိန့်ကြောင့် သူတို့ လုပ်ငန်းတွေ ရပ်ထား လိုက်ရတဲ့ အတွက် MSF ဆေးခန်းတွေက ဆေးဝါးရယူနေသူတွေ၊ ဆေးကုသမှု ခံယူနေသူတွေ သောင်းချီပြီး ကျန်းမာရေး စောင့်ရှောက်မှု မရတော့မှာ ကိုလည်း စိုးရိမ် ပါတယ်လို့ MSF ရဲ့ ထုတ်ပြန် ကြေငြာချက်ထဲမှာ ဖော်ပြ ထားပါတယ်။

အခုလောလောဆယ်တော့ သူတို့ လုပ်ငန်းတွေ ပြန်လုပ်ခွင့်ပြုဖို့ MSF က အစိုးရနဲ့ ဆွေးနွေးမှုတွေ ဆက်လုပ်နေပါတယ်။

အခုလို နိုင်ငံတကာ အဲန်ဂျီအို တခုကို အရေးယူလိုက်တာနဲ့ ပတ်သက်ပြီး နိုင်ငံရေးအရ ဖိအားပေးချင်တဲ့ လုပ်ရပ် အဖြစ် ဝေဖန်ခံရနိုင်ကြောင်း ဗဟုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ရဲ့ သုတေသီ ဦးအောင်သူငြိမ်းက ပြောပါတယ်။ တဖက်မှာလည်း အဲန်ဂျီအိုတွေ အနေနဲ့ ပွင့်လင်းမြင်သာမှုရှိရှိ တာဝန်ယူ တာဝန်ခံမှုနဲ့ အလုပ်လုပ်ကိုင် သင့်ပါတယ်လို့ သူက ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ