မတ် ၁၇ ရက် တင်မယ့် ကင်တားနား အစီရင်ခံစာ

  • 28 ဖေဖော်ဝါရီ 2014
quintana_burma_304x171_ ဓာတ်ပုံ မူပိုင် AFP
Image caption ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနား

မြန်မာနိုင်ငံ ကို ပြီးခဲ့တဲ့ လဆန်းပိုင်းက နောက်ဆုံးအကြိမ် အနေနဲ့ သွားရောက် လေ့လာခဲ့တဲ့ ကုလ သမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် တောမတ်စ် အိုဟဲ ကင်တားနား ဟာ လာမယ့် မတ်လ ၁၇ ရက်နေ့မှာ သူ့တွေ့ရှိချက် အစီရင်ခံစာ ကို ဂျနီဗာ မှာ တင်သွင်းမှာပါ။

မြန်မာအစိုးရဘက် က သူဟာ လေ့လာရေး လုပ်ငန်းမှာ ဘက်လိုက်မှု တွေ ရှိခဲ့တယ် လို့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောခဲ့ပါတယ်။ အစီရင်ခံစာ အတွက် စုံစမ်း မေးမြန်းရာမှာလည်း တဖက်စကား ပဲ နားထောင်ခဲ့တယ် လို့ ပြောလို့ သူ့သဘောထား ကို မေးကြည့်ပါတယ်။ မစ္စတာ ကင်တားနား ကတော့ သူ့အစီရင်ခံစာ နဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲနိုင်ကြောင်း၊ ဒါပေမဲ့ မြန်မာ အစိုးရ ဝန်ကြီးတွေ၊ အရာရှိ တွေ နဲ့ ဆွေးနွေးရာမှာတော့ ကွဲလွဲမှု ရှိပေမဲ့၊ သူ့ ရဲ့ အကြံပြုချက် တွေ ကို လက်ခံကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။

ရခိုင်ပြည်နယ် ရောက်တုန်း ကလည်း RNDP ပါတီ ခေါင်းဆောင်တွေ၊ ပြည်နယ် အုပ်ချုပ်ရေးမှ အာဏာပိုင်တွေ၊ ရခိုင်လူထု၊ ဒေသခံ တွေနဲ့ တွေ့ခဲ့လို့ လူတိုင်းဆီက အသံ နားမထောင်ဘူး ဆိုတာ ဘယ်သူ့ကို ဆိုလိုမှန်း မသိဘူး လို့ ဘီဘီစီ ကို ပြောပါတယ်။ ရခိုင်လူထု အနေနဲ့ ဘာကို လိုချင်တာလည်း၊ ဘာတွေ ခံစား နေရ သလည်း၊ စစ်အုပ်ချုပ်မှု ခေတ် က ရခိုင်လူထု ဖိနှိပ်မှု ခံရတာလည်း ကိုယ်ချင်းစာ ကြောင်း ကင်တားနား က ပြောပါတယ်။

ဒူချီးရားတန်း အမှု ကိစ္စ မှာလည်း ယုံကြည်စိတ်ချ ရတဲ့ သတင်းရပ်ကွက် က ထိခိုက်မှု အချက်အလက် တွေ ကို ရထားပြီးကြောင်း၊ အစိုးရ ဘက်က သမ္မတ အနေနဲ့ စုံစမ်းရေး ကော်မရှင် ဖွဲ့ပြီး စုံစမ်း စစ်ဆေးမှု ပြုတယ် ဆိုပေမဲ့၊ ဒီ ကော်မရှင်ဟာ သမ္မတ ရုံးက တိုက်ရိုက်လာတဲ့ အတွက် လွတ်လပ်မှု မရှိဘူး၊ ကုလသမဂ္ဂ လို အဖွဲ့အစည်း လက်အောက်က လွတ်လပ်တဲ့ ကော်မရှင် အဖွဲ့တွေ က နိုင်ငံတကာ ကျွမ်းကျင်သူတွေ နဲ့ စစ်ဆေးမှု ပြုသင်တဲ့ အကြောင်း ထောက်ပြ ပြောပါတယ်။

စစ်အုပ်ချုပ်ရေး လက်ထက်က သူ့ကို မိတ်ဆွေ လို သဘောထားသူ တချို့ဟာ ရခိုင် ကိစ္စ အပြီးမှာ နားလည်မှု လွဲပြီး၊ ရန်သူ လို သဘောထားတဲ့ အနေအထားနဲ့ ပတ်သက်လို့ ရှင်းပြရာမှာ၊ သူ့ခရီးစဉ် အတွင်း ကချင်ပြည်နယ်၊ လက်ပံတောင်း ကြေးနီ စီမံကိန်း၊ သီလဝါ စီးပွားရေးဇုံ၊ ရန်ကုန်၊ နေပြည်တော်၊ စတဲ့ နေရာတွေ သွားတဲ့ အခါမှာ အကျိုးအကြောင်း ပြောပြတဲ့ မြန်မာ လူမျိုးတွေ နဲ့ ဆုံခဲ့ပုံ၊ ဒီလူတွေဟာ သူ့ရဲ့ လုပ်ဆောင်ချက် တွေ ကို တန်ဖိုးထား၊ အသိအမှတ် ပြုတဲ့ အကြောင်း မစ္စတာ ကင်တားနား က ဘီဘီစီ ကို ပြောပြပါတယ်။