အိန္ဒိယမြန်မာ နယ်စပ်ကုန်သွယ်ရေး ပိတ်ထား

  • 1 မတ် 2014
Image caption တမူးမြို့နားက အိန္ဒိယ မြန်မာ နယ်စပ်မှာ နယ်စပ်ကုန်သွယ်ရေး ပိတ်ထား

ပြီးခဲ့တဲ့ ရက်ပိုင်းက အိန္ဒိယ မြန်မာ နယ်စပ် တမူး မိုရေးဒေသမှာ အိန္ဒိယနိုင်ငံသား ပန်ချာပီ နှစ်ဦး အသတ်ခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံဘက်ခြမ်းမှာ လမ်းမပေါ်ထွက် ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ရပြီး နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး တွေလည်း ပိတ်ထားလိုက် ပါတယ်။

အခုဆိုရင် နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးတွေ ပိတ်ထားတာ သီတင်း တပတ်ကျော် ရှိနေပြီ ဖြစ်ပါတယ်။

နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးတွေ ကို အိန္ဒိယ အစိုးရက ပိတ်တာမဟုတ်ပဲ ဒေသခံ လူမှု အဖွဲ့အစည်းတွေက ပိတ်ခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံ နယ်စပ် ကုန်သည်ကြီးများ အသင်းကို တောင်းဆိုချက် တစောင် ပေးပို့ထားတယ်လို့လည်း သိရပါတယ်။

အဲဒီထဲမှာ မြန်မာနိုင်ငံဘက်ကို သွားတဲ့ အိန္ဒိယနိုင်ငံသားတွေအတွက် မြန်မာ အာဏာပိုင်တွေဘက်က လုံခြုံရေး အာမခံချက် အပြည့်အဝ ပေးဖို့၊ မြန်မာနိုင်ငံ ဘက် သွားတဲ့ အိန္ဒိယနိုင်ငံသားတွေ လိုပဲ မြန်မာနိုင်ငံသားတွေ အိန္ဒိယနိုင်ငံဘက် အခြမ်းကို လာရင်လည်း အလားတူ ရူပီးငွေ တဆယ် ပေးဆောင်ဖို့၊ အဲဒီလို မပေးပဲ လာတဲ့ မြန်မာနိုင်ငံသားတွေရဲ့ လုံခြုံရေးကို အာမခံချက် ပေးမှာ မဟုတ်ကြောင်း ဖေါ်ပြထားတယ်လို့ စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင် က ဘီဘီစီကို ပြောပါတယ်။

ဒီကိစ္စကို မတ်လ ၁၄ရက်နေ့ မတိုင်ခင် အကြောင်းပြန်ဖို့ကိုလည်း သူတို့က တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

ဒီပြဿနာ ပြေလည်သွားစေဖို့ နှစ်ဘက် လူမှု အဖွဲ့အစည်းတွေ အချင်းချင်း မေတ္တာ ရပ်ခံ တွေ့ဆုံ ညှိနှိုင်းကြမှာ ဖြစ်ကြောင်း၊ ပြီးရင် ကိုယ့်အစိုးရအဖွဲ့ကို ကိုယ် အသီးသီး တင်ပြ တောင်းဆိုဖို့ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဦးမြင့်အောင်က ပြောပါတယ်။

အခြေအနေ တင်းမာတဲ့ အခုလို အချိန်မျိုးမှာ တဘက်နဲ့ တဘက် အပြန်အလှန် ကူးလူး သွားလာမှုတွေ မတွေ့ရတော့ပဲ မြန်မာနိုင်ငံသားတွေ အိန္ဒိယနိုင်ငံဘက် သွားတာ ၉၀ ရာခိုင်နှုန်းလောက် လျော့ကျသွားတယ်လို့ ဆိုပါတယ်။