အိန္ဒိယ ဝန်ကြီးချုပ် မြန်မာနှစ်ရက်ကြာခရီး ဒီနေ့ စမယ်

  • 3 မတ် 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption အရင်တခေါက် မြန်မာခရီးစဉ် အတွင်း အိန္ဒိယ ဝန်ကြီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တွေ့ဆုံမှု မှတ်တမ်း ဓါတ်ပုံ

BIMSTEC ခေါ်တဲ့ ဘင်္ဂလားပင်လယ် ဒေသတွင်း ဘက်စုံ နည်းပညာနဲ့ စီးပွားရေးနဲ့ပူးပေါင်း ဆောင်ရွက်ရေး ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း ဟာ ဒီကနေ့ မြန်မာနိုင်ငံကို ရောက်လာမှာ ဖြစ်ပါတယ်။

ခရီးစဉ်အတွင်း အိန္ဒိယရဲ့ အရှေ့မျှော်ဝါဒအရ ဒေသတွင်း နိုင်ငံတွေနဲ့ လမ်းပန်းဆက်သွယ်ရေး ကုန်သွယ်ရေး ခရီးသွားလုပ်ငန်းတွေ ပိုကောင်းအောင် လုပ်မယ့် နည်းလမ်းတွေ ရှာဖွေမှာ ဖြစ်ပါတယ်။

အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် သုဇာတာ ဆင်း က နိုင်ငံ အရှေ့မြောက် ပြည်နယ်တွေ အခြားဒေသတွေနဲ့ အတူ ဖွံ့ဖြိုး တိုးတက်နိုင်အောင် ဘင်းမ်စတက် နိုင်ငံတွေနဲ့ အချင်းချင်း ဆက်သွယ် ချိတ်ဆက် မိအောင် လုပ်ဖို့လိုတယ်လို့ ပြောပါတယ်။

အဖွဲ့ဝင်၇နိုင်ငံမှာ ထိုင်းနဲ့ မြန်မာတို့ဟာ အာစီယံမှာလည်း ပါနေတဲ့အတွက် ဘင်းမ်စတက်ရဲ့ အက်ဖ်တီအေ လွတ်လပ်တဲ့ကုန်သွယ်ရေးဇုံ တည်ဆောက်ဖို့ ကတော့ အချိန်ယူ ညှိနှိုင်းဖို့လိုနေပါတယ်။

အက်ဖ်တီအေအတွက် လိုအပ်မယ့် ကုန်ပစ္စည်း ဝန်ဆောင်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု မူဘောင်တွေကိုတော့ ၂၀၀၄ခု ဖူးကက် အစည်းအဝေးမှာ ချမှတ်ပြီး ဖြစ်ပါတယ်။

အခု အစည်းအဝေးမှာ ဘင်စတက်ရဲ့ ရာသီဥတု ဗဟိုဌာနကို အိန္ဒိယမှာ ထူထောင်ဖို့ ယဉ်ကျေးမှု လုပ်ငန်းလေ့လာရေးဌာနကို ဘူတန်မှာ ထူထောင်ရအောင် လက်မှတ်ထိုးဖို့ အစီအစဉ်ရှိပါတယ်။

ဘင်းမ်စတက် အမြဲတမ်းအတွင်းဝန်ရုံးကို ဒက္ကာမှာထားပြီး အိန္ဒိယဘက်က နှစ်စဉ် ကုန်ကျစရိတ်ရဲ့ ၃၂ရာနှုန်းကျခံမှာ ဖြစ်တယ်လို့ အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန်က ပြောပါတယ်။

ဒီခရီးစဉ်အတွင်း အိန္ဒိယ ၀န်ကြီးချုပ်ဟာ သီရိလင်္ကာသမ္မတ ၊ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်တို့နဲ့လည်း ဆွေးနွေးဖို့ရှိပါတယ်။

ဘင်းမ်စတက် အဖွဲ့ဝင်၇နိုင်ငံထဲမှာ အိန္ဒိယ ၊ ဘင်္ဂလားဒေ့ရှ် ၊ သီရိလင်္ကာ ၊ထိုင်း ၊ မြန်မာ ၊ ဘူတန်နဲ့နီပေါတို့ ပါဝင်ပါတယ်။

မစ္စတာဆင်းဟာ လွန်ခဲ့တဲ့နှစ်နှစ်က မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး လာရောက်ခဲ့ဖူးပြီး အခု ခရီးစဉ်ဟာ သူရာထူးက အနားမယူမီ ပြည်ပကို နောက်ဆုံးသွားတဲ့ ခရီးဖြစ်သလို မြန်မာခေါင်းဆောင်တွေနဲ့လည်း နေပြည်တော်မှာ ၂နိုင်ငံအကျိုးတူ ကိစ္စတွေ ဆွေးနွေးမှာဖြစ်ကြောင်း ပီတီအိုင် သတင်းမှာ ဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ