မြန်မာနိုင်ငံမှာ ခရမ်းလွန်ရောင်ခြည်မြင့်မား

  • 4 မတ် 2014
skin_cancer_cells_ ဓာတ်ပုံ မူပိုင် SPL
Image caption အရည်ပြား ကင်ဆာဆဲလ်

ရန်ကုန် အပါအဝင် မြန်မာနိုင်ငံ အတွင်းရှိ မြို့ကြီး ၁၇ မြို့မှာ အခု မတ်လဆန်း က စလို့ ဒီတပတ် အတွင်းမှာ ခရမ်းလွန် ရောင်ခြည် (Ultra Violet Rays) မြင့်မား လာဖို့ ရှိကြောင်း မိုးလေဝသ နဲ့ ဇလဗေဒ ဌာန မှ ပညာရှင်တွေ က ပြောပါတယ်။

ဆောင်းအကုန်၊ နွေ အကူး မတ်လ ဆန်းက စလို့ ခရမ်းလွန် ရောင်ခြည် ပါဝင်မှု မြင့်မား မှု ဟာ အခုနှစ် မှာ ဖြစ်ပွားနိုင် သလို မနှစ် ကလည်း ရန်ကုန် မှာ ခရမ်းလွန် ရောင်ခြည် ပါဝင်မှု ဟာ ညွှန်းကိန်း ၁၄ အထိ ရောက်ခဲ့တဲ့ အကြောင်း မြန်မာ နိုင်ငံ မိုးလေဝသ နဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာန က ညွှန်ကြား ရေးမှူး ဦးချစ်ကျော် က ဘီဘီစီ ကို ပြောပါတယ်။

လူအများစု က ခရမ်းလွန် ရောင်ခြည် ပါဝင်မှု မြင့်မားရင် အပူချိန်ပါ မြင့်လာမယ် လို့ ယူဆပေမယ့် ပညာရှင်တွေ ကတော့ အပူချိန်နဲ့ မဆိုင်ဘူး လို့ ပြောကြပါတယ်။ စကင်ဒီနေးဗီးယန်း ( Scandinavian ) လို့ ခေါ်တဲ့ ဥရောပ မြောက်ဖျား က အိုဇုန်းလွှာ ပေါက်သွားတဲ့ နေရာတွေ ကနေ ဒီရောင်ခြည်တွေ ဝင်လာကြောင်း၊ အိမ်နီးချင်း ထိုင်းနိုင်ငံ၊ မလေးရှား နိုင်ငံ တွေမှာ လည်း သက်ရောက်ဖို့ ရှိကြောင်း ဦးချစ်ကျော် က ပြောပါတယ်။

ခရမ်းလွန် ရောင်ခြည်ထိရင် ချက်ချင်း မသိသာပေမယ့် ၃ နှစ် ခန့် ရောက်ရင်၊ အရွယ်မတိုင်မီ အိုမင်းတာ အပါအဝင်၊ အရည်တွန့်ခြင်း၊ မှဲ့ခြောက် ပေါက်ခြင်း၊ မှ အစပြုပြီး အရည်ပြား ကင်ဆာ အထိ ဖြစ်နိုင်ကြောင်း၊ ဒါကြောင့်မို့ ကြိုတင် ကာကွယ်မှု အနေနဲ့ နေပူထဲ သွားရင် လက်ရှည် အင်္ကျီ ဝတ်ခြင်း၊ ဦးထုတ် ဆောင်းခြင်း၊ နေကာ မျက်မှန် တပ်ခြင်း စတဲ့ ကာကွယ်မှု တွေ ပြုဖို့ လိုကြောင်း ရှင်းပြပါတယ်။

ဒီကိစ္စ ကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး ကလည်း ထုတ်ပြန်ထားပြီး အစိုးရ ရဲ့ မိုးလေဝသ ဌာန ဘက်ကလည်း ခရမ်းလွန် ရောင်ခြည် တိုင်းတာတဲ့ ကိရိယာ တွေ နိုင်ငံ အနှံ့ မြို့ကြီး တွေ မှာ တပ်ဆင်ဖို့ ပြင်ဆင် နေကြောင်း လည်း သိရပါတယ်။