မြန်မာ့အထည်ချုပ် ပထမဆုံးအကြိမ် စံချိန်တင် တိုး

  • 5 မတ် 2014
Image caption အထည်ချုပ်စက်ရုံတခု မြင်ကွင်း

၂၀၁၃ခုနှစ်အတွင်း မြန်မာ့အထည်ချုပ်လုပ်ငန်းကနေ ပြည်ပကို တင်ပို့တဲ့ ချုပ်ထည်တွေရဲ့ ပထမဆုံးအကြိမ် စံချိန်တင် တိုးလာပါတယ်။

၂၀၁၃ ခုနှစ်အတွင်း ပြည်တွင်း အထည်ချုပ်လုပ်ငန်း၀င်ငွေဟာ အမေရိကန်ဒေါ်လာ (၁.၁)ဘီလျံအထိ ရှိခဲ့တာကြောင့် အရင်က ရှိခဲ့ဖူးတဲ့ စံချိန်ထက်ကျော်သွားတယ်လို့ ဆိုနိုင်ပါတယ်။

ကုမ္ပဏီတွေက အပ်တဲ့ အထည်ရဲ့ သင်္ဘောအရောက်တန်ဖိုးကို တွက်ချက်တဲ့ ဒီငွေပမာဏဟာ အရင်က ပိတ်ဆို့ထားခဲ့တဲ့ ဈေးကွက်အသစ်တွေ ပြန်ရလာတာကြောင့်လို့ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း ဒုဥက္ကဌက ဒေါက်တာအောင်၀င်း ပြောပါတယ်။

ခုရတဲ့ (၁)ဘီလျံကျော် ငွေပမာဏကို ပြည်တွင်း အထည်ချုပ်လုပ်ငန်း ဈေးကွက်က အကုန်ရတာတော့ မဟုတ်ဘဲ ဒီထဲကနေ နိုင်ငံခြားကုမ္ပဏီတွေက အပ်တဲ့ ကုန်ကြမ်းတွေကို ချုပ်ပေးရတဲ့ လက်ခကိုဘဲ ကုမ္ပဏီပေါ်မူတည်ပြီး အချိုးအစားလိုက် ရတာပါလို့ ဒေါက်တာအောင်၀င်းက ပြောပါတယ်။

ဒါပေမယ့် အထည်ချုပ်လုပ်ငန်း ဟာ အခြေအနေ အများကြီး ဖွံဖြိုးလာတာကြောင့် ဒီစက်ရုံတွေက ၀န်ထမ်းတွေရဲ့ လစာလည်း အရင်ကထက် ပိုကောင်းလာပေမယ့် တက်နေတဲ့ ကုန်ဈေးနှုန်းကြောင့် အခြေအနေဟာ သိပ်မထူးလှဘူးလို့ အထည်ချုပ်စက်ရုံ ၀န်ထမ်းတစ်ဦးဖြစ်တဲ့ ကိုမျိုးမင်းက ဆိုပါတယ်။

လက်ရှိ ပြည်တွင်း အထည်ချုပ်လုပ်ငန်းမှာ အပ်ထည် အများဆုံး ကုမ္ပဏီတွေကတော့ ဂျပန်၊ကိုရီးယားနဲ့ ဥရောပနိုင်ငံတွေက ဖြစ်ပါတယ်။

လာမယ့်နှစ်တွေအတွင်း အထည်ချုပ်လုပ်ငန်းဟာ ဒီထက်၀င်ငွေတိုးလာဖို့ဘဲ ရှိတယ်လို့ ဒေါက်တာအောင်၀င်း က ဆိုပေမယ့် ပြည်တွင်းအထည်ချုပ်လုပ်ငန်း ပိုမို ကောင်းလာဖို့ အရေးမှာ လျှပ်စစ်မီး ပုံမှန်မရသေးတာ အပြင် တခြား အခြေခံ အဆောက်အအုံ လိုအပ်ချက်တွေ ရှိနေသေးသလို ၀န်ထမ်းတွေရဲ့ လုပ်အားခလို ပြသနာတွေ ရှိနေပါသေးတယ်။