မြန်မာ့ အထည်ချုပ် ပြည်ပ ပိုမို တင်ပို့နိုင်

textiles worker ဓာတ်ပုံ မူပိုင် jupiter still
Image caption အထည်ချုပ် အလုပ်သမား

မြန်မာနိုင်ငံမှ အထည် ချုပ်လုပ်ငန်း တွေ ကို ပြည်ပ တင်ပို့မှု ဟာ ၂၀၁၃ ခုနှစ်မှာ ပထမဆုံး အကြိမ် စံချိန်တင် ခဲ့နိုင်ပါပြီ။ ပြည်တွင်း အထည်ချုပ် လုပ်ငန်း ကြောင့် ဝင်ငွေ ဟာ အမေရိကန် ဒေါ်လာ တစ်ဒဿမတစ် ဘီလီယံ အထိ ရှိလာလို့ အရင်စံချိန် ကို ကျော်ခဲ့ပါပြီ။

ဒီငွေပမာဏ ဟာ အရင်က စီးပွားရေး ပိတ်ဆို့ခဲ့အပြီး၊ အခုပြန်ဖွင့် ပေးရာမှာ စျေးကွက် အသစ်တွေ ပြန်ရ ခဲ့လို့ ဝင်ငွေ တိုးလာပုံ ကို အထည်ချုပ် လုပ်ငန်းရှင်များ အသင်း က ဒေါက်တာ အောင်ဝင်း က ဘီဘီစီ ကို ပြောပါတယ်။

အခုရတဲ့ ငွေပမာဏ ဟာလည်း ပြည်တွင်း အထည်ချုပ် လုပ်ငန်းက အကုန်ရတာ မဟုတ်ဘဲ၊ နိုင်ငံခြား ကုမ္ပဏီ တွေက အပ်တဲ့ ကုန်ကြမ်းတွေ ကို ချုပ်ပေးရတဲ့ လက်ခ ကိုဘဲ ကုမ္ပဏီ အပေါ် မူတည် ပြီး၊ အချိုးအစား အလိုက် ရတဲ့ အကြောင်းလည်း ဒေါက်တာ အောင်ဝင်း က ရှင်းပြပါတယ်။

အခုဆိုရင် အမေရိကန် အော်ဒါ အပ်ထည် တိုးလာသလို၊ ဥရောပ သမဂ္ဂ နိုင်ငံ စျေးကွက်၊ ဂျပန် အော်ဒါတွေ ဆိုရင် တရုတ်နဲ့ အဆင်မပြေ လို့ မြန်မာဘက်မှာ ပိုမို အပ်နှံ လာကြကြောင်း လည်း ပြောပါတယ်။

ဒါပေမယ့်၊ အထည်ချုပ် လုပ်သားတွေ အနေနဲ့ တော့၊ ကိုယ့်ဝင်ငွေ ဟာ ဆတူတက်နေတဲ့ စားစရိတ် နဲ့ နေစရိတ် မှာ ပြန်သုံးနေရလို့ စုဆောင်းဖို့ မလွယ်ပုံ၊ လခ တိုးဖို့၊ ရှားပါးစရိတ် တိုးပေးဖို့ စက်ရုံနဲ့ ညှိရကြောင်း၊ ဘယ်လောက်ပဲ လစာ ကောင်းပေမယ့် ဝင်ငွေ နဲ့ ထွက်ငွေ ညီမျှ နေပုံ ကို စက်ရုံ လုပ်သား ကိုမျိုးမင်း က ဘီဘီစီ ကို ပြောပါတယ်။

ပြည်တွင်း အထည်ချုပ်လုပ်ငန်း တိုးတက်လာစေရေး မှာလည်း လျှပ်စစ်မီး ပုံမှန်ရရေး၊ အခြေခံ အဆောက်အအုံ လိုအပ်ချက် စတာတွေ ရှိသေးကြောင်း အထည်ချုပ် လုပ်ငန်းရှင်များ အသင်း က ဒေါက်တာ အောင်ဝင်း က ဘီဘီစီ ကို ပြောပါတယ်။