သင်္ကြန်သံချပ်တွေအတွက် ကြိုတင်ခွင့်ပြုချက် ယူဖို့လို

  • 4 မတ် 2014
Image caption သင်္ကြန် သံချပ်တွေမှာ အစိုးရရဲ့ အားနည်းချက် တွေကို ထောက်ပြမှာ စိုးလို့ ကြိုတင် ဟန့်တားတာလို့ ဝေဖန်သူတွေက ထောက်ပြ

အခုနှစ် သင်္ကြန်အတွက် သီချင်းနဲ့ သံချပ်တွေ စပ်ဆိုဖို့ စာသားတွေအတွက် ရန်ကုန်တိုင်း အစိုးရဆီမှာ ကြိုတင် ခွင့်ပြုချက် ယူဖို့ မတ်လ ၂၀ရက်နေ့ နောက်ဆုံးထားပြီး တင်ပြရမယ်လို့ ရန်ကုန်တိုင်း အစိုးရက ကြေညာလိုက်ပါတယ်။

မဟာသင်္ကြန်အတွက် သီချင်းနဲ့ စာသားတွေကို ရန်ကုန်တိုင်း အစိုးရကို အခုလို တင်ပြခိုင်းတာဟာ ကြမ်းတမ်းတဲ့ စကားလုံးတွေ ပါမှာ စိုးလို့ ဖြစ်တယ်လို့ ရန်ကုန်တိုင်း အစိုးရ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ဘီဘီစီကို ပြောပါတယ်။

များသောအားဖြင့် ခွင့်ပြုလေ့ရှိပြီး သူတပါးကို ထိခိုက်စေမယ့် စကားလုံး အသုံးအနှုန်း ကြမ်းတမ်းတာမျိုးတွေကိုတော့ ပြုပြင်ဖို့ အကြံပြုတာမျိုးတွေ ရှိတယ်လို့ ပြောပါတယ်။

ရိုင်းစိုင်းတဲ့ စကားလုံးတွေ စွပ်စွဲ ပြောဆိုတဲ့ အသုံးအနှုန်းတွေကို တည်ဆဲ ဥပဒေနဲ့ အရေးယူလို့ ရပေမယ့် အဲဒီ အဆင့် မရောက်ခင် ကြိုတင် ဆွေးနွေးပြီး ထိန်းသိမ်းတဲ့ သဘော ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း မီဒီယာ ကောင်စီ အဖွဲ့ဝင် ဦးဇော်သက်ထွေးကတော့ အခုလို ကြိုတင် ခွင့်ပြုချက် ယူခိုင်းတာမျိုးဟာ လွတ်လပ်စွာ ပြောဆိုခွင့်ကို ထိခိုက် စေတယ်လို့ ပြောပါတယ်။

ဒါဟာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရဲ့ အားနည်းချက်တွေကို ထောက်ပြမယ့် သံချပ်အဖွဲ့တွေ အများကြီး များလာမှာကို ကြိုတင် ဟန့်တားတဲ့ သဘောမျို့းလို့ ယူဆရကြောင်း သူက ပြောပါတယ်။

မြန်မာနိုင်ငံသားတဦးအနေနဲ့ သံချပ် ပုံစံနဲ့ပဲ တင်ပြ တင်ပြ၊ ဂျာနယ်ထဲမှာပဲ ရေးရေး၊ တိပ်ခွေထဲမှာပဲ ပြောပြော လွတ်လပ်စွာ ပြောဆို ရေးသားပိုင်ခွင့် ရှိသင့်တယ်လို့ ဆိုပါတယ်။

တနိုင်ငံလုံး လိုက်နာနိုင်တဲ့ မီဒီယာ ဥပဒေကို ရေးဆွဲနိုင်ဖို့ ကြိုးစားနေချိန်မှာ သက်ဆိုင်ရာ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေ ဆီက အခုလို အမိန့်တွေ ညွှန်ကြားချက်တွေ ထွက်လာတာဟာ လွတ်လပ်စွာ ရေးသား ဖေါ်ပြခွင့်ကို ထိခိုက်စေတယ်လို့ ဦးဇော်သက်ထွေးက ပြောပါတယ်။