NLD က ကြံ့ခိုင်ရေး အမတ်ကို တရားစွဲဖို့ပြင်

  • 5 မတ် 2014
NLD MP U Win Htein
Image caption ကြံ့ခိုင်ရေး ပါတီ အမတ်ရဲ့ ပြောဆိုမှုတွေ လွန်တယ်လို့ NLD အမတ်တွေပြော

ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံဖြိုးရေး ပါတီက လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေ ပြောခဲ့တာတွေကို NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လွှတ်တော်အမတ် တွေက အရေးယူဖို့ အထိ စဉ်းစား နေတာ ဖြစ်ပါတယ်။

NLD မှာ ဒေါ်အောင်ဆန်း စုကြည်ကလွဲရင် ကျန်သူတွေ ဘယ်သူမှ အသုံးမကျဘူလို့ ပြောဆိုခဲ့မှု၊ ပါတီကို အတိုကောက်ခေါ်တဲ့ "ဒီချုပ်" ဆိုတာကို "ဒီရှုပ်" လို့ လွှတ်တော်အမတ် ဦးလှဆွေ ပြောဆိုခဲ့မှု တွေဟာ တရားလွန်တယ်လို့ NLD လွှတ်တော် အမတ်တွေက ယူဆကြောင်း NLD မိတ္ထီလာ မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောပါတယ်။

နိုင်ငံရေး ပါတီတွေနဲ့ ပတ်သက်ပြီး ဝန်ကြီးဦးအုန်းမြင့်၊ သူရ ဦးအေးမြင့်တို့ရဲ့ ပြောဆိုမှုတွေ လွန်ကဲ လာရာမှာ ဦးလှဆွေက အဆိုးဆုံး ဖြစ်လို့ တရား ဥပဒေကြောင်း အရ အရေးယူဆောင်ရွက်ဖို့ NLD အမတ်တွေက ယူဆကြောင်းလည်း သူက ပြောပါတယ်။

ဒါပေမဲ့ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ကို ဥပဒေ အရ လုပ်မယ် ဆိုရင် ဆောင်ရွက်ရမှာ တွေလည်း ရှိတယ်လို့ ဆိုပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သဘောထားကို NLD ဗဟိုကော်မီတီမှာ တင်ပြ ခဲ့တယ်လို့လည်း ဦးဝင်းထိန်က ပြောပါတယ်။

ကြံ့ခိုင်ရေး ပါတီ အမတ် ဦးလှဆွေ ကတော့ အန်အယ်ဒီ ဘက်ကလည်း သူ့ကို ဝေဖန် ခဲ့တာတွေရှိလို့ သူ့အနေနဲ့ ပြန်လည် တရားစွဲ ပိုင်ခွင့်ရှိတယ်၊ သူ့ကို တရား စွဲမယ်လို့ ပြောတဲ့ အတွက် သူ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက် သွားပြီလို့ ပြောပါတယ်။

ဦးလှဆွေဟာ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက် ဖြစ်တဲ့အတွက် သူ့ရဲ့ ပြောဆိုမှု အပေါ် ဥပဒေအရ အကာအကွယ် ပေးထားတာလည်း ရှိတာကြောင့် NLD ကတရားစွဲမယ် ဆိုရင်ဘယ်လို ဆက်လက် ဆောင်ရွက်မယ် ဆိုတာတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။