၈၈မျိုးဆက်နှင့် တိုင်းရင်းသားမဟာမိတ်အဖွဲ့ တွေ့ဆုံ

  • 6 မတ် 2014

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့ (UNA) နဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း) တို့ဟာ မတ်လ ၆ ရက်က တွေ့ဆုံခဲ့ကြပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိစ္စ၊ ဒီမိုကရေစီရေး၊ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး စတဲ့ အချက်တွေကို ဆွေးနွေးခဲ့တယ် လို့ သိရပါတယ်။

၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူအဖွဲ့အစည်းက အန်အယ်လ်ဒီ ပါတီနဲ့ တွေ့ဆုံပြီးတဲ့ အခါမှာ တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆက်ပြီး တွေ့ဖို့ ကမ်းလှမ်းလာတဲ့အတွက် မနေ့က မနက်ပိုင်းမှာ ရန်ကုန်က ခွန်ထွန်းဦး နေအိမ်မှာ တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲ အပြီးမှာ အဓိက သဘောတူညီချက် အနေနဲ့ အားလုံး ပါဝင်ပြီး နိုင်ငံရေး ဆွေးနွေးနိုင်မယ့် နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးတစ်ခု ပြုလုပ်သွားဖို့ ရည်ရွယ်ထားတဲ့ အကြောင်း ဒီအစည်းအဝေးမှာ ပါဝင်ခဲ့တဲ့ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က စိုင်းညွန့်လွင် က ပြောပြပါတယ်။ တိုင်းရင်းသား၊ တပ်မတော်၊ လွှတ်တော်၊ လက်ရှိ အာဏာရ ကြံခိုင်ရေး ပါတီ၊ NLD နဲ့ အခြား ပါဝင်သင့်တဲ့သူ အားလုံး ပါဝင်ဆွေးနွေးနိုင်တဲ့ ညီလာခံကြီး ဖြစ်ဖို့ သူတို့က မျှော်မှန်းထားတာ ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရေးနဲ့ ပက်သက်ပြီး ပထမဆုံး ခြေလှမ်းအနေနဲ့ အရေးအကြီးဆုံးဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၁၂ ပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင်ဖို့ ကြိုးစားသွားမယ်လို့ သိရပါတယ်။ ဒီကိစ္စ ဖြစ်မြောက်အောင် အကြမ်းမဖက်ဘဲ ဥပဒေဘောင် အတွင်းက ငြိမ်းချမ်းတဲ့နည်း မှန်သမျှကို သုံးပြီး ဆောင်ရွက်သွားမယ်လို့ သူတို့က ကြေငြာထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် နှစ်ပေါင်း ခြောက်ဆယ်လောက် ရှိနေခဲ့တဲ့ ပြသနာတွေကို ဖြေရှင်းရမှာ ဖြစ်တဲ့အတွက် အချိန်ကာလ ကန့်သတ်ချက်နဲ့ နေ့ရက် အတိအကျတော့ သတ်မှတ်ထားတာတွေ မရှိသေးဘူးလို့ ပြောပါတယ်။

တပ်မတော်နဲ့ လက်ရှိ အာဏာရပါတီက ဒီလို လုပ်ငန်းစဉ်တွေကို လိုလိုလားလား ရှိပါ့မလားလို့ မေးတဲ့ အခါမှာတော့ ရည်ရွယ်ချက်က တစ်တိုင်းပြည်လုံးနဲ့ ပြည်သူလူထု တစ်ရပ်လုံး ကောင်းကျိုးဖြစ်မယ့် ကိစ္စမို့ တစ်ဖက်ကလဲ အလားတူ ဆန္ဒ ရှိနေမယ်ဆိုရင် ဒီကိစ္စတွေ မအောင်မြင်စရာ မရှိပါဘူးလို့ စိုင်းညွန့်လွင်က ပြောသွားခဲ့ကြောင်းပါခင်ဗျာ။

ဒီသတင်းနဲ့ပတ်သက်သမျှ