ICRC ရုံးခွဲ မြစ်ကြီးနားမြို့မှာ ဖွင့်လှစ်

  • 6 မတ် 2014
Image caption ကချင်ပြည်နယ်မှာ ICRC ရုံးခွဲ ဖွင့်ခွင့် ရတာဟာ တိုးတက်မှု လက္ခဏာလို့ ICRC ပြောခွင့်ရ ပုဂ္ဂိလ် ပြော

မြန်မာနိုင်ငံ အစိုးရနဲ့ ချုပ်ဆိုလိုက်တဲ့ သဘောတူညီချက်သစ်တခုအရ ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ဟာ ကချင် ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီနေ့ ကြာသပတေးနေ့က စလို့ ရုံးခွဲသစ် ဖွင့်လှစ် တော့မှာ ဖြစ်ပါတယ်။

ICRC ဟာ ၂၀၁၂ ခုနှစ်ကတည်းက ကချင် ပြည်နယ်မှာ လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာ ဖြစ်ပေမယ့် ခုမှ အတည်တကျ ရုံးခန်း ဖွင့်လှစ်ခွင့် ရတာပါ။

ICRC နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ရဲ့ မြစ်ကြီးနားရုံး ဖွင့်လှစ်ခွင့်ကို သမ္မတရုံးက မကြာသေးမီက သဘောတူ ခွင့်ပြုပေးခဲ့တာပါ။

လောလောဆယ်မှာ မြစ်ကြီးနား ဆေးရုံဘေးမှာ ကပ်ပြီး စတင် တည်ဆောက်နေပြီ ဖြစ်တဲ့ ကိုယ်လက်အဂါ ပြန်လည် သန်စွမ်းရေး စင်တာကို ပြီးစီးအောင် တည်ဆောက် မှာ ဖြစ်ပြီး ဒီစင်တာ ပြီးသွားရင်တော့ လုပ်ငန်းတွေကို မြစ်ကြီးနား ရုံးခွဲက စီမံနိုင်တော့မယ်လို့ သိရပါတယ်။

ခုလို ရုံးတွေနဲ့ ကုသရေး စင်တာတွေ ဖွင့်လှစ်နိုင်တာဟာ ICRC ရဲ့ မြန်မာနိုင်ငံ အတွင်း လုပ်ငန်း ဆောင်ရွက်နိုင်မှုတွေ ခုနောက်ပိုင်းမှာ ပိုတိုးတက်လာတာကို ပြတယ်လို့ ဂျီနီဗာမှာ ရှိတဲ့ အိုင်စီအာစီ ရုံးချုပ်က ပြောရေးဆိုခွင့် ရှိသူ Ewan Watson က ဘီဘီစီကို ပြောပါတယ်။

ICRC ဟာ ကချင်ပြည်နယ်က ဆေးဖက်ဆိုင်ရာ ဝန်ထမ်းတွေကို သင်တန်းတွေ ပေးနေပြီး ကျန်းမာရေး စောင့်ရှောက်မှု အထောက်အကူ ပစ္စည်းတွေ အရည်အသွေး မြှင့်တင်တာတွေလည်း လုပ်နေတယ်လို့ သူက ပြောပါတယ်။

ICRC ဟာ မြန်မာနိုင်ငံမှာ ၁၉၈၆ ခုနှစ်ကတည်းက ရုံးစဖွင့်ထားခဲ့တာ ဖြစ်ပြီး အရင် စစ်အစိုးရ လက်ထက်က နိုင်ငံရေး အကျဉ်းသားတွေကို ကူညီ စောင့်ရှောက် ရာမှာ ထိထိရောက်ရောက် လုပ်ကိုင်နိုင်ခဲ့တဲ့ အဖွဲ့အစည်း ဖြစ်ပေမယ့် အစိုးရနဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် လုပ်ငန်း ဆောင်ရွက်မှုတွေ မကြာခဏ ပိတ်ပင်ခံခဲ့ရတာတွေ ရှိပါတယ်။

မြစ်ကြီးနားမြို့ ရုံးခန်းဟာ မြန်မာနိုင်ငံမှာ ICRC ရဲ့ ဆဌမမြောက် ရုံးခွဲ ဖြစ်ပါတယ်။