East-West Centre ရဲ့ သတင်း မီဒီယာ ညီလာခံ

  • 9 မတ် 2014
Image copyright others
Image caption East West Centre ရဲ့ သင်္ကေတ အမှတ်တံဆိပ်

အမေရိကန်နိုင်ငံ East-West Centre ရဲ့ ၂၀၁၄ ခုနှစ်သတင်း မီဒီယာဆိုင်ရာ နိုင်ငံတကာ ညီလာခံကို ဒီကနေ့ ရန်ကုန်မြို့မှာ စတင်မှာ ဖြစ်ပြီး လေးရက်ကြာ ကျင်းပမယ့် ဆွေးနွေးပွဲတွေကို ပြည်တွင်းပြည်ပက သတင်းသမားတွေ နဲ့ ပညာရှင်တွေ ရာနဲ့ချီ တက်ရောက်ကြဖို့ ရှိပါတယ်။

ဒီနေ့ကစပြီး ရန်ကုန်မြို့မှာ လေးရက်ကြာ ကျင်းပမယ့် East-West Centre ရဲ့ ၁၄ ကြိမ် မြောက်ဆွေးနွေးပွဲမှာ သတင်းလွတ်လပ်ခွင့်အပေါ် စိန်ခေါ်မှုတွေကို အဓိက ဆွေးနွေးဖို့ စီစဉ်ထားတာကို တွေ့ရပြီး နာမည်ကြီး သတင်းသမား တွေ၊ နိုင်ငံရေးသမားတွေ နဲ့ ပညာရှင်တွေ အတော်များများ တက်ရောက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ညီလာခံ တက်ရောက်လာ သူတွေကို ကြိုဆိုပွဲအဖြစ် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းသစ်က ဆရာစံပလာဇာမှာ နေ့လည်စာစားပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး ဒီမိုကရေစီနိုင်ငံတွေနဲ့ ဒီမိုကရေစီစံနစ်ကိုကူးပြောင်း နေတဲ့နိုင်ငံတွေမှာ သတင်း လွတ်လပ်ခွင့်အပေါ် စိန်ခေါ်မှုတွေ ဘယ်လိုရှိနေသလဲ ဆိုတဲ့ အကြောင်း မိန့်ခွန်းတရပ်ကို ပြောဖို့ ရှိနေပါတယ်။

မီဒီယာညီလာခံကို တနင်္လာနေ့မှာ တရားဝင် စတင် ဖွင့်လှစ်တဲ့အခါမှာတော့ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က အစိုးရရဲ့ သတင်းမီဒီယာ ပြုပြင်ပြောင်းလဲရေးအတွက်ဆောင်ရွက်နေပုံတွေကို တက်ရောက်ရှင်းပြဖို့လည်း အစီအစဉ်မှာ ထည့်သွင်းထားတာ တွေ့ရပါတယ်။

ဆွေးနွေးပွဲတွေကိုတော့ သက်ဆိုင်ရာ အကြောင်းအရာအလိုက် အုပ်စုတွေခွဲပြီး ဆွေးနွေးကြမယ်လို့လည်း ညီလာခံအစီအစဉ်တွေထဲမှာ တွေ့ရပါတယ်။

နိုင်ငံတကာက လာမယ့် သတင်းသမားနဲ့ ပညာရှင်တွေထဲမှာ အမေရိကန်နဲ့ဗြိတိန်တို့က လာမယ့်သူတွေ ရှိသလို ထိုင်း၊ အိန္ဒိယ၊ ဖိလစ်ပိုင် နဲ့ဟောင်ကောင်တို့လို ဒေသတွင်းက နိုင်ငံတွေကလည်း လာကြဖို့ ရှိပါတယ်။

ဒီညီလာခံမှာ ဒေသတွင်းမှာ ဖြစ်ပျက်နေတဲ့ သတင်းနဲ့ မီဒီယာဆိုင်ရာ နောက်ဆုံးအခြေအနေတွေ၊ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုလည်း ဆွေးနွေးကြမှာ ဖြစ်တယ်လို့ East-West Centre ရဲ့ ကြေညာချက်တခုမှာ ဖော်ပြထားပါတယ်။

East-West Centre အဖွဲ့အစည်းကို ၁၉၆၀ ခုနှစ်တုန်းက အမေရိကန်ကွန်ဂရက်လွှတ်တော်က စတင် တည်ထောင်ပေးခဲ့တာဖြစ်ပြီး၊ အမေရိကန်ပြည်ထောင်စုနဲ့ အာရှ ပစိဖိတ်ဒေသတို့ကြား အပြန်အလှန် နားလည်ရင်းနှီးမှုရအောင် ပညာရေးနဲ့ သုတေသနလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ