အပစ်ရပ်ရေးမူကြမ်း အစိုးရနဲ့ တွဲရေးဖို့ NCCT သဘောတူ

  • 9 မတ် 2014
ဓာတ်ပုံ မူပိုင် nyo ohn myint MPC
Image caption တိုင်းရင်းသားNCCT နဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ တွေ့ဆုံ

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ အဖွဲ့ နဲ့ တိုင်းရင်းသားတွေရဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT တို့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် မူကြမ်းကို ပူးတွဲပြီး တခုတည်း ရေးဆွဲဖို့ ပဏာမ သဘောတူညီခဲ့ပါကြတယ်။

ဒီကနေ့ ရန်ကုန်မြို့ Myanmar Peace Centre မှာ ပြုလုပ်တဲ့ ဘားအံဆွေးနွေးပွဲ အကြို ညှိနှိုင်း ဆွေးနွေးပွဲမှာ အဲဒီလို သဘောတူညီခဲ့ကြတာဖြစ်ပြီး နှစ်ဦး နှစ်ဘက်က လူတွေ ပါဝင်တဲ့ မူကြမ်းရေးဆွဲရေး အလုပ်အဖွဲ့တဖွဲ့ ဖွဲ့စည်းမယ်လို့ ဆွေးနွေးပွဲမှာပါဝင်ခဲ့တဲ့ NCCT အဖွဲ့ဝင် ဗိုလ်မှုးကြီးခွန်ဥက္ကာက ပြောပါတယ်။

ဒီလို ရေးဆွဲရာမှာ ရှိထားတဲ့ အဆိုပြုချက်တွေကို ညှိပြီး တိုတိုရှင်းရှင်းနဲ့ ကတိကဝတ် စာချုပ်ပုံစံ ရေးဆွဲမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘယ်သူတွေ ပါဝင်မယ်ဆိုတာနဲ့ အချိန်ဇယားကို မနက်ဖြန် ဆက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကို ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်းကော်မီတီ အဖွဲ့ ဒုဥက္ကဌ ဦးအောင်မင်းနဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး၊ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ အပါအဝင် အရာရှိကြီးတွေ တက်ရောက်ခဲ့သလို NCCT ဘက်က ဦးနိုင်ဟံသာ ဖဒိုကွယ်ထူးဝင်းတို့ ဦးဆောင်ပါဝင်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့အပြင် လွှတ်တော်က ပုဂ္ဂိုလ်တွေ၊ စစ်တပ်ဘက်က အရာရှိကြီးတွေပါတက်ရောက်လို့ ထူးခြားတယ်လို့ အန်စိစီတီ အဖွဲ့ဝင် ဗိုလ်မှုးကြီးခွန်ဥက္ကာက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ