ပညာရေး ကျန်းမာရေးတွေ ဆောင်ရွက်ဖို့ စုဖောင်ဒေးရှင်း တည်ထောင်

  • 9 မတ် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ကျန်းမာရေးနဲ့ ပညာရေး ကဏ္ဍတွေကို မြှင့်တင်နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

မြန်မာနိုင်ငံရဲ့ ကျန်းမာရေးနဲ့ ပညာရေး ကဏ္ဍတွေ ဖွံ့ဖြိုးရေးတွေ ဆောင်ရွက်ဖို့ စုဖောင်ဒေးရှင်းကို ရန်ကုန်မြို့မှာ စတင် ဖွင့်လှစ်လိုက်ပါတယ်။

စုဖောင်ဒေးရှင်းဟာ နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင် အမျိုးသား ဒီမိုကရေစီ ဥက္က ဌ ဒေါ်အောင်ဆန်း စုကြည်ကို ဂုဏ်ပြုပြီး အမည်ပေးထားတာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် စိတ်အားထက်သန်တဲ့ ပညာရေး၊ ကျန်းမာရေး ကိစ္စတွေကို အဓိကထား ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ကျော်က အာရှမှာ ထိပ်တန်း အဆင့် ရှိခဲ့တဲ့ မြန်မာ့ ပညာရေး စနစ်ဟာ အခုအခါ အများ လက်ခံ အသိအမှတ်ပြုတဲ့ အဆင့် မရှိတော့သလို ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေတွေလည်း နိမ့်ကျနေတာ ဖြစ်ပါတယ်။

စုဖောင်ဒေးရှင်းကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Hillary Clinton နဲ့ အမေရိကန် သမ္မတကတော်ဟောင်း Laura Bush တို့က ပူးတွဲ သဘာပတိအဖြစ် တာဝန်ယူ ဆောင်ရွက်သွားမှာပါ။

စုဖောင်ဒေးရှင်း ဖွင့်လှစ်ပွဲ အခမ်းအနားကို အမေရိကန် ပြည်ထောင်စု East West Centre ရဲ့ သတင်း မီဒီယာ ဆိုင်ရာ ညီလာခံ ကျင်းပတဲ့ ဆရာစံ ပလာဇာမှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး နိုင်ငံပေါင်း ၃၀ကျော်က သတင်းသမားတွေ တက်ရောက် ခဲ့ကြပါတယ်။

စုဖောင်ဒေးရှင်း အဖွဲ့ဝင်တဦးဖြစ်တဲ့ နိုင်ငံခြား ရုပ်ရှင်မင်းသမီး Michell Yeoh လည်း အဲဒီ ဖွင့်ပွဲကို တက်ရောက် မိန့်ခွန်းပြောသွားခဲ့ပါတယ်။

Michell Yeoh ဟာ The Lady ဆိုတဲ့ ရုပ်ရှင်ကားမှာ ဒေါ်အောင်ဆန်း စုကြည် အဖြစ် သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။