ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် သီးသန့် ဆွေးနွေး

Image caption ၂၀၁၂ ခုနှစ်တုန်းက သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်း စုကြည် တတိယ အကြိမ်မြောက် တွေ့ဆုံခဲ့စဉ်

သမ္မတ ဦးသိန်းစိန်နဲ့ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်တို့ တနင်္ဂနွေနေ့က နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြ ပါတယ်။

သူတို့ နှစ်ဦး ပထမဆုံး အကြိမ် တွေ့ဆုံ ဆွေးနွေး ခဲ့ကြတုန်းက မတူတာတွေ ဘေးဖယ်ထားပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် တူတာတွေကို ပူးပေါင်း ဆောင်ရွက်ကြမယ် ဆိုတဲ့ အတိုင်း ဆောင်ရွက်လာ ခဲ့ကြကြောင်း၊ အခု အဲဒီ အဆင့်ကနေ သဘောထား ကွဲလွဲတာတွေ၊ မတူညီတာတွေကို ငြိမ်းငြိမ်း ချမ်းချမ်း ညှိနှိုင်း ဖြေရှင်းသွားရေး ဆိုတဲ့ သမ္မတ ဦးသိန်းစိန် ပြောတဲ့ နိုင်ငံရေး ယဉ်ကျေးမှုသစ် အဆင့်ကို အကောင်အထည်ဖေါ်ဖို့ အခုလို တွေ့ဆုံခဲ့ကြတာ ဖြစ်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဘီဘီစီကို ပြောပြပါတယ်။

နိုင်ငံရေး အကဲခတ် ဒေါက်တာ ရန်မျိုးသိန်းကတော့ ဒီတွေ့ဆုံ ဆွေးနွေးမှုဟာ ဒေါ်အောင်ဆန်း စုကြည် တောင်းဆိုထားတဲ့ လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး ကိစ္စ အကောင်အထည်ဖေါ်ရေး၊ အခြေခံ ဥပဒေ ပြင်ဆင်ရေး စတာတွေနဲ့ ဆက်စပ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ လေးပွင့်ဆိုင် တွေ့ဆုံဖို့ ဒေါ်အောင်ဆန်း စုကြည်က တောင်းဆိုထားတာ ဖြစ်ပါတယ်။

ပြည်ထောင်စု လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းက လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးဖို့ သူ့အနေနဲ့ အသင့်ရှိတယ်လို့ မကြာသေးခင်က ထုတ်ဖေါ် ပြောဆိုခဲ့တာကို ကြည့်ခြင်း အားဖြင့် သူရ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်း စုကြည် အကြားမှာ သဘောတူညီမှု တစုံတရာ ရထားပြီလို့ ယူဆရကြောင်း၊ ဒေါက်တာ ရန်မျိုးသိန်းက ပြောပါတယ်။

ဒါ့ကြောင့် ဒီဆွေးနွေးပွဲဟာ ဒီသဘောတူညီမှုကို ချဲ့ထွင်ပြီး လေးပွင့်ဆိုင် ဆွေးနွေးပွဲ အမြန်ဆုံး အကောင်အထည် ပေါ်လာဖို့ ကြိုးစားတဲ့ ဆွေးနွေးပွဲ ဖြစ်နိုင်တယ်လို့ ဒေါက်တာ ရန်မျိုးသိန်းက သုံးသပ်ပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တွေ့ဆုံ ဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့ အစိုးရ သတင်း မီဒီယာတွေမှာ တရားဝင် ထုတ်ဖေါ် ကြေညာတာမျိုး မတွေ့ရပါဘူး။