ဘိုင်ယန်မြူးနစ် လူငယ်ဖိတ်ခေါ် ဖလားပွဲအတွက် မြန်မာ လူရွေး

ဓာတ်ပုံ မူပိုင် AFP
Image caption မြန်မာလူငယ်တွေ ဘောလုံး အားကစားကို စိတ်ဝင်စားကြ

ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ကျင်းပမယ့် ဘိုင်ယန် မြူးနစ် လူငယ် ဖိတ်ခေါ် ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် အာဆီယံ အရှေ့တောင် အာရှ အသင်းအတွက် မြန်မာနိုင်ငံက လူငယ် ဘောလုံး ကစားသမား ၅ဦး ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က မတ်လ ၁၀ ရက်နေ့က အပြီးသတ် ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။

အသက် ၁၄နှစ်ကနေ ၁၆ကြား အရွယ် ဒီလူငယ် ၅ ဦးဟာ ထိုင်းက လူငယ် ကစားသမား ၅ ဦးနဲ့ ပူးတွဲ ကစားကြမှာပါ။

အရွေးခံခဲ့ရတဲ့ မြန်မာ လူငယ်တွေကတော့ နေပြည်တော် အကယ်ဒမီက အောင်ဖြိုးသာနဲ့ ဘုန်းသစ္စာမင်း၊ မြန်မာ ဘောလုံး အကယ်ဒမီက စျာနေယျသူနဲ့ ကျော်လွင်မိုး၊ အားကာသိပ္ပံ မန္တလေးက မောင်မောင်တို့ ဖြစ်ပါတယ်။

လာရောက် အရွေးခံသူပေါင်း ၁၀၀ နီးပါးထဲမှာ အပြင်က ဘောလုံး ဝါသနာရှင် လူငယ်လေးတွေ ပါပေမယ့် အကယ်ဒမီက လူငယ်တွေက ဘောလုံးနဲ့ မပြတ် ထိတွေ့ လေ့ကျင့်နေသူတွေ ဖြစ်ပြီး တပန်းသာခဲ့တာကြောင့် သူတို့ကို ရွေးလိုက်တာလို့ မြန်မာနိုင်ငံ လက်ရွေးစင် ဘောလုံးအသင်း ဌာန တာဝန်ခံ နည်းစနစ် ဒါရိုက်တာ ဦးတင်မြင့်အောင်က ဘီဘီစီကို ပြောပြပါတယ်။

အခု အရွေးခံခဲ့ရတဲ့ လူငယ်တွေအနေနဲ့ နိုင်ငံတကာ အတွေ့အကြုံတွေ ရှိလာမှာ ဖြစ်သလို သူတို့ရဲ့ ခြေစွမ်းတွေကို ကြိုက်တယ် ဆိုရင်လည်း ဘိုင်ယန် မြူးနစ်အသင်းက ရွေးရင် ရွေးသွားနိုင်တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ