အပစ်ရပ်ရေး တိုင်းရင်းသားခေါင်းဆောင်တွေ စိုးရိမ်မှုရှိ

  • 12 မတ် 2014
Image caption ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့က ခေါင်းဆောင်တွေ

ရန်ကုန်ကို ရောက်နေတဲ့ တိုင်းရင်းသားတွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT ဟာ ဒီကနေ့ တိုင်းရင်းသားပါတီ ၃ ခုအပါအဝင် နိုင်ငံရေးပါတီ ၁၂ ပါတီ စုစည်းထားတဲ့ FDA ဖယ်ဒရယ် ဒီမိုကရေစီ မဟာမိတ်အဖွဲ့ ၊ ဦးခွန်းထွန်းဦး၊ ဦးနိုင်ငွေသိန်း၊ ဦးအေးသာအောင် စတဲ့ တိုင်းရင်းသားပါတီတွေရဲ့ ခေါင်းဆောင်တွေ ပါဝင်တဲ့ UNA ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့စတာတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီလိုတွေ့ဆုံရာမှာ လောလောဆယ် NCCT က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်းတခု အစိုးရနဲ့ ပူးတွဲရေးဆွဲဖို့ သဘောတူခဲ့တာနဲ့ ပတ်သက်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက နိုင်ငံရေးဆွေးနွေးပွဲ အတွက် အာမခံချက် မရှိဘဲ အပစ်ရပ်ရုံ သက်သက် မဖြစ်သင့်ဘူးဆိုတဲ့ သူတို့ရဲ့ စိုးရိမ်မှုကို ထုတ်ဖေါ်ပြော ဆိုခဲ့တယ်လို့ NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ ပြောပါတယ်။

အပစ်ရပ်ရေး သဘောတူညီချက်မှာ နိုင်ငံရေးဆွေးနွေးပွဲအတွက် အာမခံချက်ရှိရမယ့် အပြင် နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးကြမယ့် ကိစ္စရပ်တွေဟာ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ အချက်အလက်တွေလည်း ပါသင့်တယ် ဆိုတာကို သတိပေး ပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

အခုလို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့၊ ဖယ်ဒရယ်ဒီမိုကရေစီမဟာမိတ်အဖွဲ့ စတာတွေရဲ့ အကြံပြုချက်တွေကို NCCT အနေနဲ့ သူတို့ရဲ့ နောက် အစည်းအဝေးတွေမှာ တင်ပြဆွေးနွေးမယ်လို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT အဖွဲ့ဝင် ဦးခွန်ဥက္ကာက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ