တစ်နှစ် သိန်း၂၀ကျော် ၀င်သူတိုင်း အခွန်ဆောင်ရမယ်

ဓာတ်ပုံ မူပိုင် THINKSTOCK
Image caption တနှစ် သိန်းနှစ်ဆယ်ကျော်ရင် ၀င်ငွေခွန် ဆောင်ရမယ်

ပြည်ထောင်စု လွှတ်တော်က တစ်နှစ် သိန်း (၂၀)ကျော် ၀င်ငွေရှိတဲ့ သူတိုင်း အခွန်ထမ်းဆောင်ရမယ်ဆိုတဲ့ ၀င်ငွေခွန်ဥပဒေသစ်ကို မတ်လ(၁၁)ရက်နေ့က အတည်ပြု လိုက်ပါတယ်။

အစိုးရကလည်း (၂၀၁၄-၂၀၁၅)ခုနှစ် ဘဏ္ဍာရေးနှစ် ကနေ ဒီ၀င်ငွေခွန် ကို စတင်ကောက်ခံဖို့ ရှိနေပါတယ်။

ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်တဲ့ ဒီဥပဒေသစ်မှာ လစာ(၁)သိန်း (၆)သောင်းနဲ့ အထက်ရ ရှိတဲ့ အစိုးရ၀န်ထမ်းတွေ ကုမ္ပဏီ ၀န်ထမ်းတွေ အားလုံး အကျုံး၀င်ပါတယ်။

တစ်လကို လစာ (၁)သိန်း(၇)သောင်း ရတာကြောင့် အခွန်ဆောင်ရမယ့် အထဲမှာပါတဲ့ အင်္ဂလိပ်စာဌာနက ကထိကဆရာဦးသုတ ကတော့ အခွန်အခဆောင်ရတာနဲ့အတူ အစိုးရကလည်း အခွန်ထမ်းပြည်သူတွေအတွက် အကျိုးခံစားခွင့်တွေ လုပ်ဆောင်ပေးဖို့ လိုတယ်လို့ ဆိုပါတယ်။

လွှတ်တော်က အတည်ပြုလိုက်တဲ့ အခွန်နှုန်းထားတွေမှာတော့ တစ်နှစ်၀င်ငွေ သိန်း(၂၀)ကနေ သိန်း(၅၀)ကြား ရှိသူတွေကို (၅)%နဲ့ အဲဒီ အထက်ရသူတွေကတော့ (၁၀)% ကနေ (၂၅)% အထိ ပေးဆောင်ရမှာ ဖြစ်ပါတယ်။

ဒီအတွက် လခစား ၀န်ထမ်းတွေလိုဘဲ ၀င်ငွေရ ကုမ္ပဏီကြီးတွေကို တိတိကျကျ အခွန်ကောက်တာမျိုး ဖြစ်သင့်တယ်လို့ Vero Public Relations Agency က ဒါရိုက်တာအဖွဲ့၀င် ဦးစိုးသူရ ကပြောပါတယ်။

လွှတ်တော်ကအတည်ပြုထားတဲ့ ၀င်ငွေခွန်ဥပဒေသစ် ကို သမ္မတက လက်မှတ်ရေးထိုးပြီးပြီဆိုရင်တော့ ဒီဥပဒေဟာ အသက်၀င်လာတော့မှာ ဖြစ်ပါတယ်။

ဒါပေမယ့် တကယ်တမ်း အခွန်စည်းကြပ်မှုမှာ လုပ်ငန်းရှင်တွေနဲ့ လခစား ၀န်ထမ်းတွေအကြား တန်းတူညီမျှမှုရှိဖို့ နဲ့ တာ၀န်သိ အခွန်ထမ်းဆောင်ဖို့ ကတော့ အချိန်ယူရအုံးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ