အစိုးရနဲ့ NCCT ဆွေးနွေးပွဲ ရလဒ်ကို SSA တောင်ပိုင်း စောင့်ကြည့်

ဓာတ်ပုံ မူပိုင် nyo ohn myint MPC
Image caption တပြည်လုံး အပစ်ရပ်ရေး အတွက် တခုတည်းသော သဘောတူချက် မူကြမ်း ဆွဲဖို့ အစိုးရနဲ့ NCCTအကြား သဘောတူခဲ့ကြ

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ အဖွဲ့ နဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT တို့ အကြား တပြည်လုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် မူကြမ်း ထွက်လာတော့မှ အဲဒီ သဘောတူချက် မူကြမ်းကို ကြည့်ပြီး NCCT နဲ့ တွဲပြီး လက်မှတ် ထိုးသင့် မထိုးသင့် စဉ်းစားမယ်လို့ RCSS/SSA ရှမ်းပြည်တောင်ပိုင်း တပ်ဖွဲ့က ပြောပါတယ်။

NCCT အဖွဲ့ထဲမှာ RCSS/SSA မပါဝင်တဲ့အပြင် တခြား တိုင်းရင်းသားတွေနဲ့ နယ်ချင်းလည်း မတူညီတဲ့အတွက် လိုအပ်လာရင် RCSS/SSAအနေနဲ့ အစိုးရနဲ့ သီးခြား ဆက်ဆွေးနွေးနိုင်ဖို့ တောင်းဆိုသွားမယ်လို့ RCSS/SSA ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလောဝ်ဆိုင်းက ဘီဘီစီကို ပြောပါတယ်။

အစိုးရဘက်က လောလောဆယ် တောင်းဆိုထားတဲ့ အချက်တွေ ဖြစ်တဲ့ ဆက်ကြေး မကောက်ခံရေး၊ တပ်သားသစ် မစုဆောင်းရေး ဆိုတဲ့ အချက်တွေ နဲ့ ပတ်သက်လို့ ဆက်လက် ဆွေးနွေးသွားရဖို့ ရှိတယ်လို့ ဆိုပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ အကြား အရင်က ဆွေးနွေးပွဲတွေမှာ အပစ်ရပ်ရေးနဲ့ နိုင်ငံရေး ဘယ်ဟာကို အရင် ဆွေးနွေးသင့်သလဲ ဆိုတဲ့ ကိစ္စကြောင့် NCCT နဲ့ RCSS/SSAအကြား သဘောကွဲလွဲမှု တချို့ ရှိခဲ့ပေမယ့် အခုအခါ အဲဒီ ပြဿနာ အထိုက်အလျောက် ပြေလည်လာပြီလို့ ဦးလောဝ်ဆိုင်းက ပြောပါတယ်။