မြန်မာစစ်တပ်ကို ငြိမ်းချမ်းရေးတပ် ဝင်ဖို့ ကုလ ကမ်းလှမ်း

  • 13 မတ် 2014
burma_army_ ဓာတ်ပုံ မူပိုင် AP
Image caption မြန်မာ့ တပ်မတော်

မြန်မာ အစိုးရ စစ်တပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့တွေ မှာ ပါဝင်ဖို့ စေလွှတ်ရေး အတွက် ဇန္နဝါရီ လကုန်ပိုင်းက နေပြည်တော် ကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အရာရှိ မစ္စတာ ဗီဂျေး နမ်းဗီးယားက အဆို ပြုခဲ့ ပါတယ်။

ဒါကို နယူးယောက် မှာ အခြေစိုက်တဲ့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ Human Rights Watch က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုံ့ချလိုက်ပါတယ်။

ကလေးစစ်သား အသုံးပြု တာတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု တွေ အကြီးအကျယ် ပြုလုပ်ထားတဲ့ စစ်တပ် ကို ပြုပြင် ပြောင်းလဲမှု မယ်မယ်ရရ မလုပ်ရသေးမီ အခုလို ကမ်းလှမ်း တာ ဟာ ကုလသမဂ္ဂ တပ်တွေရဲ့ ပုံရိပ် ကို ထိခိုက်စေလိမ့်မယ်လို့ မနေ့က ထုတ်ပြန် ခဲ့တဲ့ HRW ကြေငြာချက် မှာ ဖေါ်ပြ ခဲ့ပါတယ်။

ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်တွေ စေလွှတ်ဖို့ မြန်မာစစ်တပ် ကို ကမ်းလှမ်းခဲ့တဲ့ အပေါ် Human Rights Watch ရဲ့ အဓိက စိုးရိမ်ပူပန်မှု ကို ဒီအဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူ Brad Adams က ရှင်းပြ ရာမှာ မြန်မာစစ်တပ် ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆိုးဆိုးဝါးဝါး ချိုးဖောက်ခဲ့တယ်ဆိုတာ ရယ်၊ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်နှစ် သုံးနှစ် အတွင်း ပြုပြင်ပြောင်းလဲမှုတွေ တော်တော်များများ ဖြစ်ပေါ်ခဲ့ပေမယ့် ပြုပြင်ပြောင်းလဲမှုတွေထဲမှာ လိုက်မလာဘဲ ကျန်ရစ်ခဲ့တဲ့ အပိုင်း ဟာ စစ်တပ်ပဲ ဆိုတာ လူတိုင်း လက်ခံထားတဲ့ ကိစ္စ ဖြစ်တဲ့ အကြောင်း ဘီဘီစီ ကို ပြောပြပါတယ်။

ဒါ့ကြောင့် ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့မှာ တာဝန် ထမ်းဆောင်ဖို့ မြန်မာတပ် တွေ စေလွှတ်ဖို့ ကိစ္စ ကုလသမဂ္ဂ ကို Human Rights Watch က တားတဲ့ အကြောင်း၊ ဒီလို လုပ်ခဲ့ရင် ပြုပြင် ပြောင်းလဲမှု ဘာမှ မလုပ်ထားတဲ့ မြန်မာစစ်တပ်ကို မလိုအပ်ဘဲ အသိအမှတ် ပြုသလို ဖြစ်သွားပြီး၊ ပိုအရေးကြီးတာက နိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်ခဲ့ တဲ့ တပ်တွေ ဟာ ကုလသမဂ္ဂ တပ်ထဲ ရောက်လာရင်လဲ ရောက်ရာ၊ အရပ်မှာ ပြဿနာ ပေါ်တာမျိုး ဖြစ်ခဲ့ဖူး တဲ့ အကြောင်း တွေ Brad Adams က ပြောပါတယ်။

နောက်တစ်ချက်က ကလေးစစ်သားတွေ အားလုံးကို၊ တပ်ထဲက အသာတကြည် ထွက်ခွင့် မပေးသေးတဲ့ မြန်မာစစ်တပ်ကို တခြားစစ်တပ်တွေနဲ့ တန်းတူထားပြီး စဉ်းစားလို့ မရဘူးလို့လဲ ပြောပါတယ်။

မြန်မာ စစ်တပ်က ကလေးစစ်သားတွေ ကို မိသားစု ဆီ ပြန်အပ်တဲ့ အခမ်းအနားတွေ လုပ်ခဲ့ တာတွေ ကို အပြောင်းအလဲ အနေနဲ့ မစဉ်းစားနိုင် တာ က လည်း၊ တချို့ကို အိမ်ပြန် ပို့ပေးခဲ့တာ မှန်ပေမယ့် တပ်ထဲ မှာ အများကြီး ကျန်နေသေးတဲ့ အကြောင်း၊ ပြီးတော့ မြန်မာစစ်တပ်က ကလေး စစ်သားတွေ အဖြစ် ဟန်ဆောင် ခိုင်း၊ အခမ်းအနား လုပ်ပြီး အိမ်ပြန် ပို့ပေးတယ်လို့ လှည့်ဖျားတာမျိုးတွေ ရှိဖူးတယ်လို့ ILO နဲ့ တခြား အဖွဲ့အစည်းတွေ က တွေ့ရှိထားတာ ကို လည်း Brad Adams က ထောက်ပြသွားပါတယ်။