ဒုချီးရားတန်း ရဲသေဆုံးမှု ၈ ဦးကို တရားစွဲ

  • 14 မတ် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ရခိုင်ပြည်နယ်မှာ ယခင်က ဖြစ်ဖူးတဲ့ မီးလောင်မှု တစ်ခု။

ရခိုင်ပြည်နယ် မောင်တော မြို့နယ် ဒူးချီးရားတန်း (အလယ်ရွာ)မှာ အသတ်ခံခဲ့ရတယ်ဆိုတဲ့ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း သေဆုံးမှုနဲ့ပတ်သက်လို့ မသင်္ကာလို့ ဖမ်းဆီးထားသူ ၁၆ ဦးအနက် ၈ ဦးကို လူသတ်မှုနဲ့ တရားစွဲဆိုလိုက်ပြီး အခု ရမန်ယူ စစ်ဆေးနေတယ်လို့ သိရပါတယ်။

ကျန် ၈ ဦးကိုတော့ အမှုနဲ့ ပတ်သက်မှု မရှိဘူးဆိုပြီး ပြန်လွှတ်လိုက်ပြီလို့ ဆိုပါတယ်။

ကျေးရွာတချို့က မျက်မြင်တွေနဲ့ သက်ဆိုင်ရာအာဏာပိုင်တချို့က ကိုယ်တိုင်တွေ့ရှိချက်တွေကြောင့် အခုလို ၈ ဦးကို တရားစွဲဆိုလိုက်တာလို့ သိရပါတယ်။

အဲဒီ ၈ ဦးစလုံးဟာ ဒုချီးရားတန်း အလယ်ရွာ အနောက်ရွာနဲ့ အနီးဝန်းကျင်က ရိုဟင်ဂျာတွေ ဖြစ်ကြပါတယ်။

ဒါပေမယ့် ဒုချီးရားတန်း ကျေးရွာမှာ လူအများအပြား သတ်ဖြတ်ခံခဲ့ရတယ်ဆိုတဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ အစိုးရက ဖွဲ့တဲ့ စုံစမ်းရေးကော်မရှင်ကတော့ ရဲတပ်ကြပ်ကြီး သေဆုံးတာနဲ့ ပတ်သက်လို့ သက်သေအထောက်အထား မတွေ့ရဘူးလို့ ပြောပါတယ်။

အခုဒေသ အာဏာပိုင်တွေကတော့ အလောင်းမတွေ့ရပေမယ့် ရဲတပ်ကြပ်ကြီးပိုင် ပစ္စည်းတွေကို ဒုချီးရားတန်းအလယ်ရွာ မှာ တွေ့ရတယ်လို့ ပြောဆိုကြောင်းသိရပါတယ်။