ABSDF အဖွဲ့ ၁၀ကြိမ်မြောက် ညီလာခံ ပြီးဆုံး

Image caption ၁၀ ကြိမ်မြောက် ABSDF ညီလာခံမှ ဓါတ်ပုံ

မြန်မာနိုင်ငံက ပြောင်းလည်းနေတဲ့ အခြေအနေမှာ အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်ထားတဲ့ ABSDF အဖွဲ့ဟာ သူတို့ရဲ့ ၁၀ကြိမ်မြောက် ညီလာခံ မနေ့တုံးက ပြီးဆုံးသွားပါပြီ။

ဒေါင်းတမန်စခန်းမှာ အခုလ ၇ ရက်နေ့ ကနေ ၁၅ ရက်နေ့ အထိ ပြုလုပ်တဲ့ ဆယ်ကြိမ် မြောက်ညီ လာခံမှာ ABSDF အဖွဲ့ထဲမှာ မူပိုင်းမှာ အနည်းအကျဉ်းလောက်ပဲ အပြောင်းအလဲ ရှိပါတယ်။

ဥက္ကဌ ကိုသံခဲ၊ ဒုဥက္ကဌ ကိုမျိုး၀င်းနဲ့ အတွင်းရေးမှူး ကိုဆန်နီတို့က အပြောင်းအလဲမရှိပဲ၊ အစိုးရနဲ့ လက်ရှိဆွေးနွေးနေတဲ့ အပေါ်မှာ အဖွဲ့၀င် အင်အားနည်းနည်း တိုးချဲ့လိုက်ပါတယ်။

မြန်မာနိုင်ငံက လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ အညီ သူတို့အဖွဲ့ရဲ့ တည်ဆောက်ရေး လုပ်ငန်းစဉ် ၊ပြည်တွင်း၊ပြည်ပ အင်အားစုတွေနဲ့ မဟာမိတ်ဖွဲ့ရေး၊ လူထုအခြေပြုလုပ်ငန်းတွေ မြှင့်တင်ရေးဆိုတာနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာ ရေးဆိုပြီး ရှေ့လုပ်ငန်းစဉ်ကို ချမှတ်ခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့ ABSDF အဖွဲ့ရဲ့ သဘောထား အမြင်ကိုတော့ ဒီညီလာခံကနေ ဉက္ကဌအဖြစ် ပြန်ပြီး အရွေးခံရတဲ့ ကိုသံခဲ ပြောကြားရာမှာ ဒီနေ့နိုင်ငံရေး အကြပ်အတည်းကို ဖြေရှင်းတဲ့ နေရာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အပိုဒ် တပိုဒ် ချင်း ပြင်နေရုံနဲ့ နိုင်ငံရေး အကြပ်အတည်းကို မဖြေရှင်းနိုင်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် သူက ဒီဟာတွေ အားလုံးကို ဖြေရှင်းနိုင်မယ့် အခင်းအကျင်း တခု လိုတယ်လို့ ပြောပါတယ်။

ဒါကလည်း သက်ဆိုင်တဲ့ ကာယကံရှင်တွေဖြစ်တဲ့ အစိုးရ၊ စစ်တပ်၊ နိုင်ငံရေးအင်အားစုတွေ၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေ၊ ဒါတွေနဲ့ ညှိုနှိုင်းပြီးတော့မှ နိုင်ငံရေး နှီးနှောဖလှယ်ပွဲကရတဲ့ နိုင်ငံရေး သဘောတူညီချက်တွေနဲ့သာလျှင် ဖြေရှင်းနိုင်မှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ABSDFအဖွဲဟာ၊ အစိုးရနဲ့ပဏာမအဖြစ် အပစ်အခတ်ရပ်စဲမှု လုပ်ဆောင် ထားပြီးနောက်၊ လောလောဆယ် ထိုင်း ၊မြန်မာနယ်စပ်မှာ မြ၀တီဆက်ဆံရေးရုံး၊ အပြင် တရုတ်နယ်စပ်၊ အိန္ဒိယ နယ်စပ်နဲ့ တခြားဒေသတွေမှာ တိုးချဲ့ ဖွင့်လှစ်ဖို့ ဆောင်ရွက်နေပါတယ်။

ပြီးတော့ နောက်တဆင့်တက်ပြီး၊ အစိုးရနဲ့ နိုင်ငံရေးအရ ဆွေးနွေးပွဲအထိ ဆက်လုပ်သွားဖို့ဖြစ်ကြောင်း သိရပါတယ်။

ဒါပေမဲ့အစိုးရဟာ ABSDF နဲ့နိုင်ငံရေးဆွေးနွေးမယ့်အချိန်ကို မသတ်မှတ်သေးတာကြောင့် နှောင့်နှေးကြန့်ကြာ နေပါတယ်။

ဒါကတော့ ABSDF ဟာ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေလို ကိုယ်ပိုင်နယ်မြေ လည်းမရှိ၊ အင်အားလည်း မတောင့်တင်းတာကြောင့်၊ အစိုးရဟာ ABSDF ကို အပစ်အခတ်ရပ်စဲရေးလောက်နဲ့ပဲ ထားပြီးတော့၊ တချိန်ချိန်မှာ နယ်ခြားစောင့်တပ် ဒါမှမဟုတ် ကာကွယ်ရေးအဖွဲ့အဖြစ် အသွင်ပြောင်း ခိုင်းနိုင်တယ်လို့ နယ်စပ်က အကဲခတ်တွေကပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ