အများပြည်သူ့ ဝန်ဆောင်မှု မီဒီယာ ဥပဒေကြမ်း တင်သွင်း

Image caption ဥပဒေ မူကြမ်းအရ လွတ်လပ်မှု ရှိပေမယ့် လက်တွေ့ အကောင်အထည် ဖော်ဖို့လို

အများပြည်သူ့ ဝန်ဆောင်မှု မီဒီယာ ဥပဒေကြမ်းကို ဒီကနေ့ တနင်္လာနေ့မှာ ပြည့်သူ့လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။

ဒီဥပဒေအရ လက်ရှိ နိုင်ငံတော်ပိုင် သတင်းစာ၊ ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေကို အများပြည်သူ အတွက် ဝန်ဆောင်မှုအဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်မှာ မထားဘဲ သီးခြား လွတ်လပ်တဲ့ ၁၅ ဦးပါ ကောင်စီတစ်ခု ဖွဲ့စည်းပြီး အုပ်ချုပ် ဆောင်ရွက်သွားဖို့ကို ဒီဥပဒေကြမ်းမှာ ဖော်ပြထားပါတယ်။

ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းရဲ့ အဆိုအရ သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌ ၂ ဦးက ၅ ဦးစီ ရွေးချယ်ပေးမယ့် အဲဒီ ကောင်စီရဲ့ စီမံခန့်ခွဲမှု ကော်မတီ အောက်မှာ အခုလက်ရှိ နိုင်ငံတော်ပိုင် သတင်းစာတိုက်တွေနဲ့ မြန်မာ့ရုပ်မြင်သံကြား တို့ကို ထားရှိမှာ ဖြစ်ပါတယ်။

လက်ရှိ ၀န်ထမ်းတွေ အနေနဲ့ အများပြည်သူ့ ဝန်ဆောင်မှု ဖြစ်လာမယ့် အဲဒီ ကော်မတီရဲ့ အုပ်ချူပ်မှု အောက်ကို လိုက်ပါ မသွားလိုရင် မူလ ပြန်ကြားရေး ဝန်ကြီးဌာနမှာပဲ နေခဲ့နိုင်တယ်လို့လည်း ဆိုပါတယ်။

ဥပဒေ မူကြမ်းအရ လွတ်လပ်မှု ရှိပေမယ့် တကယ် လက်တွေ့ အကောင်အထည် ဖော်တဲ့အခါမှာတော့ လွတ်လွတ်လပ်လပ် လုပ်နိုင်ပါ့မလား ဆိုတာ လွှတ်တော်အနေနဲ့ စောင့်ကြည့်သွားမှာပါလို့ ဦးစောလှထွန်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ