DeeDo အချိုရည်ကို စားသုံးရန်သင့်မသင့် FDAက ဓာတ်ခွဲစမ်းသပ်

ဓာတ်ပုံ မူပိုင် others
Image caption DeeDo အချိုရည်ကို စစ်ဆေးနေပြီ

ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ DeeDo အချိုရည်ကို စားသုံးရန်သင့်မသင့် နဲ့ပတ်သက်ပြီး အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ဓာတ်ခွဲ စမ်းသပ်မှုတွေ ပြုလုပ်နေပါတယ်။

Adoxy အာဟာရဆေးရည်နဲ့ ပတ်သက်ပြီးတော့လည်း ဒီကုန်ပစ္စည်းကို ဆေးသဖွယ် ကြော်ငြာ ရောင်းချတာမပြုဖို့ FDA က သတိပေးချက်ထုတ် ပြန်တယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။

ဒီလို ဖြစ်ရတာဟာ FDA အနေနဲ့ ဈေးကွက်မတင်မီ လုံလောက်တဲ့ စစ်ဆေးမှုတွေ မရှိခဲ့တာကြောင့်လား ဆိုတာ ဘီဘီစီက မေးမြန်းကြည့်တဲ့ အခါ ဈေးကွက်မှာ ရောင်းချဖို့ သွင်းကုန်လိုင်စင် လျှောက်ထားတဲ့ စားသောက် ကုန်ပစ္စည်းတွေကို ကျန်းမာရေးနဲ့ ကိုက်ညီမှုရှိမရှိ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အနေနဲ့ အထပ်ထပ် စစ်ဆေးပြီးကာမှ ရောင်းချခွင့်ပြုတယ်လို့ FDA အစားအသောက်ဌာနခွဲက ညွှန်ကြားရေးမှူး ဦးထွန်းဇော် ပြောပါတယ်။

တခါ ဈေးကွက်မှာ ဖြန့်ချီနေတဲ့ ထိုင်းနိုင်ငံထုတ် DeeDo အချိုရည်မှာ ဓာတုပစ္စည်းတွေနဲ့ မှိုအများအပြား ပါ၀င်နေလို့ စားသုံးရန်မသင့်ဆိုပြီး စားသုံးသူကာကွယ်ရေးအသင်းက ပြီးခဲ့တဲ့ရက်က သတိပေးထုတ်ပြန်ပါတယ်။

FDA အနေနဲ့ ဈေးကွက်မတင်မီ လုံလောက်တဲ့ စစ်ဆေးမှုတွေရှိပေမယ့် ဈေးကွက်ထဲရောက်ကာမှ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့အခါမှာလည်း ပြန်လည် စစ်ဆေးမှုတွေ ပြုလုပ်တယ်လို့ ညွှန်ကြားရေးမှူး ဦးထွန်းဇော်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ အစားအသောက်တွေကို FDAရဲ့ စစ်ဆေးခွင့်ပြုချက်နဲ့မှ ရောင်းချခွင့်ရှိတာ ဖြစ်ပေမယ့် ဒီထဲက လက်ဖက်၊ ငပိ၊ ငံပြာရည် စတဲ့ အစားအသောက်တွေဟာ စားသုံးသူတွေကို ကျန်းမာရေး အန္တရာယ် ရှိနိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိနေပါတယ်။

ဒီလိုဖြစ်ရတာဟာ FDA ရဲ့ စစ်ဆေးမှုတွေမှာ လစ်ဟာမှုတွေရှိနေလို့လား ဆိုတာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ