ကချင်ပြည်နယ်မှာ သန်းခေါင်စာရင်း ကောက်ဖို့ KIO ခွင့်မပြု

  • 19 မတ် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption လုံခြုံရေး စိတ်မချရလို့ လက်မခံတာလို့ ဆို

မြန်မာ နိုင်ငံ တဝန်းလုံးမှာ သန်းခေါင် စာရင်း ကောက်ယူဖို့ အစိုးရက ပြင်ဆင် နေချိန်မှာ ကေအိုင်အို ကချင် လွတ်လပ်ရေး အဖွဲ့ ထိန်းချုပ်တဲ့ နယ်မြေ အတွင်း သန်းခေါင် စာရင်း ကောက်ခံခွင့် မပြုဘူးလို့ ကေအိုင်အေက ပြောပါတယ်။

ဒီအကြောင်း သမ္မတ ဦးသိန်းစိန်ရဲ့ ကချင်ပြည်နယ် ခရီးစဉ်အတွင်းမှာပဲ အကြောင်း ပြန်ခဲ့ ပြီးပြီလို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလမိုင်ဂွန်ဂျာက ဘီဘီစီကို ပြောပါတယ်။

ကချင်ပြည်နယ် အတွင်း တိုက်ပွဲဖြစ်တဲ့ နေရာတွေမှာ လုံခြုံရေး စိတ်မချရတဲ့ အတွက် လက်မခံတာလို့ ကေအိုင်အို ဘက်က ပြောကြောင်း ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။

ကချင်ပြည်နယ် အတွင်း စစ်ပြေး စစ်ရှောင် အရေ အတွက်က ရှစ်သောင်း ကနေ တစ်သိန်း လောက် အထိ ရှိနေတဲ့ အတွက် ကျန်တဲ့ ဒေသခံတွေနဲ့ ပါဆိုရင် လူဦးရေ နှစ်သိန်းကျော်လောက် ရှိနိုင်တယ်လို့ လည်း သူက ပြောပါတယ်။

ဒါပေမဲ့ တခြား တိုင်းရင်းသား လက်နက်ကိုင်တွေ ဖြစ်တဲ့ ဝတပ်ဖွဲ့ ထိန်းချုပ်တဲ့ နယ်မြေနဲ့ မိုင်းလားအဖွဲ့ ထိန်းချုပ်တဲ့ နယ်မြေတွေ မှာတော့ သန်းခေါင် စာရင်းကို ကြိုတင် ကောက်ခံထားပြီး ဖြစ်ပါတယ်။

လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ ခိုင်ခိုင်စိုးက တော့ သန်းခေါင်စာရင်း ကောက်ခံခွင့်ကို ကချင်ပြည်နယ် တစ်ခုလုံးက ငြင်းပယ်ထားတာ မဟုတ်ဘူးလို့ ပြောပါတယ်။

ကချင်ပြည်နယ် အတွင်း ခရိုင် လေးခု ရှိတဲ့ အနက် မိုးညင်း ခရိုင်ဘက်က ဘာမှ မကြားရဘူး၊ ပူတာအို ခရိုင်မှာ ကျေးရွာ တချို့ကလွဲရင် ကျန်အားလုံး နီးပါးကို ကြိုတင် ကောက်ယူထားပြီး ဖြစ်တယ်၊ မြစ်ကြီးနားမှာ အနည်းငယ် ကျန်တယ်လို့ ဒေါက်တာ ခိုင်ခိုင်စိုးက ပြောပါတယ်။

တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ ကောက်လို့ရအောင် အတတ်နိုင်ဆုံး ညှိနှိုင်း ဆောင်ရွက်နေတယ်လို့လည်း သူက ပြောပါတယ်။

ရာနှုန်းပြည့် သန်းခေါင်စာရင်း ကောက်ခံနိုင်တယ်ဆိုတာ ကမ္ဘာမှာ မရှိသေးဘူး၊ မြန်မာနိုင်ငံမှာလည်း မကောက်ခံနိုင်တဲ့ နေရာတွေကို တရားဝင် ကြေညာမှာပါလို့ ဒေါက်တာ ခိုင်ခိုင်စိုးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ