မွတ်ဆလင်တွေ ကိုယ့်လူမျိုး အမှန် ထည့်ဖို့ ဘာသာရေး အဖွဲ့က တိုက်တွန်း

  • 19 မတ် 2014
Rohingya Boy in Rakhine State
Image caption သန်းခေါင် စာရင်းမှာ ရိုဟင်ဂျာလို့ ရေးမှာကို ရခိုင်တိုင်းရင်းသားတွေ လက်မခံ

မြန်မာ မွတ်ဆလင် ဆိုတာ မြန်မာနိုင်ငံ အတွင်း မှာ နေထိုင်ကြတဲ့ အစ္စလာမ် ဘာသာဝင် အားလုံးကို ဆိုလိုတာဖြစ်လို့ သန်းခေါင် စာရင်းမှာ ဘာသာနဲ့ လူမျိုး ထည့်သွင်းတဲ့ အခါ ကိုယ့်လူမျိုး အမည်မှန် ထည့်ပါလို့ အစ္စလာမ် ဘာသာရေး အဖွဲ့က တိုက်တွန်းလိုက် ပါတယ်။

ဒါပေမဲ့ ထည့်သွင်းတဲ့ လူမျိုး နာမည်ဟာ သမိုင်း အထောက် အထား အရရော အရင် အစိုးရ လက်ထက်တွေ တုန်းကပါ ရှိနှင့်ပြီးသား အမည်နာမ ဖြစ်သင့်တယ်၊ အခုမှ ထွင်ထားတဲ့ စကားလုံး မဖြစ်သင့်ဘူးလို့ မြန်မာ နိုင်ငံလုံး ဆိုင်ရာ အစ္စလာမ် ဘာသာရေး အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးချုပ် ဟာဂျီ ဦးကျော်ခင်က ဘီဘီစီကို ပြောပါတယ်။

၁၉၇၃ ခုနှစ်က ကောက်ယူ ခဲ့တဲ့ သန်းခေါင် စာရင်းမှာ အစ္စလာမ် ဘာသာကို ကိုယ်စားပြုပြီး ထည့်သွင်းတဲ့ ကမန်၊ စစ်တကောင်း၊ ပသျှူး စတဲ့ လူမျိုး ၇ မျိုးလောက်ကို လူမျိုး ၁၃၅ မျိုး မဟုတ်တဲ့ တခြား ဆိုတဲ့ ဇယားမှာ အစိုးရက တရားဝင် ထည့်သွင်းခွင့် ပေးထားတာ ရှိတယ် လို့လည်း သူက ပြောပါတယ်။

ရိုဟင်ဂျာ ဆိုတဲ့ အမည်နဲ့ ပတ်သက်လို့ သန်းခေါင်စာရင်း ကောက်ယူခဲ့တာ မရှိခဲ့ပေမဲ့ မေယု ခရိုင်မှာ ရှိတဲ့ လူမျိုးကို ရိုဟင်ဂျာလို့ ထည့်သွင်းခဲ့တာ ရှိခဲ့ဖူးပြီး လက်ရှိ လူဝင်မှု ကြီးကြပ်ရေး ဌာနရဲ့ စိစစ်ရေး ကဒ်ပြား တွေမှာ လည်း ရိုဟင်ဂျာ ဆိုတာကို လူမျိုးနေရာမှာ ထည့်သွင်းထားတာတွေ ရှိတယ်လို့ ဟာဂျီ ဦးကျော်ခင်က ပြောပါတယ်။

ကိုယ် ဘာလူမျိုး ဖြစ်တယ် ဆိုတာ ကိုယ်ပိုင် ပြဌာန်းချက် ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ဒါပေမဲ့ အဲဒီ လူမျိုး ဖြစ်တည်မှု ရှိမရှိ ဆိုတာကိုတော့ လွှတ်တော်ကသာ ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ ဟာဂျီ ဦးကျော်ခင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ