ထိုင်းရောက် မြန်မာ အလုပ်သမားတွေကို ပတ်စ်ပို့အနီ ထုတ်ပေးနေ

Image caption မယ်ဆိုင်၊ မဲဆောက်နဲ့ ရနောင်းတွေမှာ ပူးတွဲရုံးတွေ ဖွင့်လှစ်ထား

ထိုင်းနိုင်ငံမှာ ယာယီ နိုင်ငံကူးလက်မှတ်နဲ့ အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမား တွေထဲက ၄ နှစ် သက်တမ်း ပြည့်သွားတဲ့ သူတွေကို ပုံမှန် နိုင်ငံကူး လက်မှတ်တွေ စတင် ထုတ်ပေးနေပြီ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ယာယီ နိုင်ငံကူး လက်မှတ်နဲ့ အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမား ၁၇ သိန်းကျော်ရှိတဲ့ အထဲက အလုပ်လုပ်ခွင့် ၄ နှစ်သက်တမ်း ပြည့်သွားတဲ့ အလုပ်သမားတွေကို လက်ရှိ ကိုင်ဆောင်ထားတဲ့ ယာယီ နိုင်ငံကူးလက်မှတ် ခရမ်းရောင် အစား နိုင်ငံတကာကို သွားလာခွင့် ရှိတဲ့ ပုံမှန် နိုင်ငံကူး လက်မှတ် စာအုပ် အနီတွေကို စတင် ထုတ်ပေးနေတာ ဖြစ်ပါတယ်။

မြန်မာ အလုပ်သမားတွေကို ထိုင်းနိုင်ငံက ၄ နှစ်ထက် မကျော်တဲ့ အလုပ်လုပ်ခွင့်ကိုသာ ပေးတာဖြစ်ပါတယ်။ ၄ နှစ်သက်တမ်း ပြည့်သွားတဲ့ မြန်မာ အလုပ်သမားတိုင်းဟာ မြန်မာဘက်ကို နေ့ချင်းပြန် ဖြစ်စေ တစ်ခေါက် ပြန်ကြရပြီး ထိုင်းက ထွက်သွားတဲ့ သူတွေကိုမှ ဗီဇာအသစ်နဲ့ အလုပ်လုပ်ခွင့် လက်မှတ်အသစ်တွေ ထုတ်ပေးမှာ ဖြစ်တယ်လို့ ထိုင်းအလုပ် သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ပရာ့ဝစ် ခီးယန်းဖွန်က ဘီဘီစီကိုပြောပါတယ်။

နိုင်ငံကူး လက်မှတ်တွေကို အုပ်စု ၃ စု ခွဲကာ ထုတ်ပေးနေပြီး ပထမ အုပ်စု အနေနဲ့ မှတ်ပုံတင်၊ အိမ်ထောင်စု စာရင်း အပြည့်အစုံ ရှိတဲ့သူတွေကို ဘန်ကောက်က မြန်မာသံရုံးမှာ နိုင်ငံကူး လက်မှတ် ထုတ်ပေးမှာ ဖြစ်ပါတယ်။

ဒုတိယ အုပ်စု အနေနဲ့ မှတ်ပုံတင် မရှိတဲ့သူတွေကတော့ မြန်မာနိုင်ငံကို ပြန်ပြီး မှတ်ပုံတင် ပြန်လုပ်ရမှာ ဖြစ်ပြီး နောက်မှ ပုံမှန် နိုင်ငံကူး လက်မှတ်ကို ထုတ်ပေးမှာ ဖြစ်ပါတယ်။

တတိယ အုပ်စုက ယာယီ နိုင်ငံကူး လက်မှတ် သက်တမ်း ၂နှစ်ကျော် ကျန်နေသေးတဲ့ သူတွေအတွက် ရည်ရွယ်တာ ဖြစ်ပြီး သူတို့အနေနဲ့ ဆက်လက် အလုပ်လုပ်ချင် လုပ်နိုင်ပြီး၊ ဆက်လက် အလုပ်မလုပ်ဘဲ ပုံမှန် နိုင်ငံကူး လက်မှတ်နဲ့ ပြောင်းလဲ ကိုင်ဆောင်ချင်ရင်လည်း ပြောင်းလဲလို့ ရတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ မယ်ဆိုင်၊ မဲဆောက်နဲ့ ရနောင်းမြို့တွေမှာ ပူးတွဲရုံးတွေ ဖွင့်လှစ် ဆောင်ရွက်ပေးနေပြီး ဘန်ကောက်က မြန်မာ သံရုံးမှာလည်း နိုင်ငံကူးလက်မှတ်တွေ စတင် ထုတ်ပေးနေပြီးလို့ အလုပ်သမား-အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ဝန်ကြီးဌာန က ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောပါတယ်။

နိုင်ငံကူးလက်မှတ်ဖိုးနဲ့ ဝန်ဆောင်ခပါ အပါအဝင် ဘတ်ငွေ ၁၆ဝဝ ကုန်ကျမှာ ဖြစ်ပြီး ထိုင်းဘက်မှာတော့ ဗီဇာကြေး၊ အလုပ်လုပ်ခွင့် လက်မှတ်နဲ့ ဆေးကုသခွင့်တွေ အတွက်ပါ ဆိုရင် ဘတ်ငွေ ၇ ထောင်ကျော် ကုန်ကျမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ