လွတ်လပ်မှုကို ဖွဲ့ဆိုမယ်

မတ်လ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ ကဗျာနေ့ အထိမ်းအမှတ် အဖြစ် ကဗျာဆရာ ဝင်းတင့်ထွန်းရဲ့ လွတ်လပ်မှု ဆိုင်ရာ ကဗျာတစ်ပုဒ်ကို ဖော်ပြလိုက်ပါတယ်။

( ၁ )

ဓာတ်ပုံ မူပိုင် AP

ဒီမှာ - ဒီကမ္ဘာပေါ်မှာ - ဒီမိုကရေစီရေး - ငြိမ်းချမ်းရေး - ဆိုတဲ့ ကြွေးကြော်သံတွေ မပေါ်သေးခင်ကတည်းက အရင်တကာ့ အရင်ဆုံး တကမ္ဘာလုံးမှာ ပဲ့တင်ထပ် နှလုံးသားထဲမှာ ဆာလောင်ငတ် အလိုအပ်ဆုံးသော အရာဟာ အမြတ်နိုးရဆုံးသော အရာဟာ ‘ လွတ်လပ်မှု ’ ‘ လွတ်လပ်မှု ’ ‘ လွတ်လပ်မှု ’ ပါပဲ - ။

လွတ်လပ်မှု မရှိတဲ့ ဒီမိုကရေစီဟာ အနှစ်မရှိတဲ့ စန္ဒကူးပင် ပမာ - လွတ်လပ်မှု မရှိတဲ့ ငြိမ်းချမ်းရေးဟာ ရေ မရှိတဲ့ ပင်လယ်ပါ - ဒီမိုကရေစီအခွင့်အရေး ဆိုတာတွေရဲ့ ရှေ့မှာ ‘ လွတ်လပ်စွာ-’ ‘ လွတ်လပ်စွာ- ’ တွေ ပါနေရ ကြားဖူးကြမယ် ထင်ပါတယ် ။ ‘ ငြိမ်းချမ်းရေး ’ ‘ ငြိမ်းချမ်းရေး ’ ဆိုတာတွေရဲ့ ရှေ့မှာ ‘ စစ်မှန်သော - ’ ‘ ခိုင်မာသော- ’ တွေ ပါနေရ ကြုံဖူးကြမယ် ထင်ပါတယ် ။

လွတ်လပ်မှု ဆိုတာ ဒီမိုကရေစီ ဆိုတာထက်လဲ အရေးကြီးပါတယ် - လွတ်လပ်မှု ဆိုတာ ငြိမ်းချမ်းရေး ဆိုတာထက်လဲ အခြေခံကျပါတယ် -

ဒီမိုကရေစီ နဲ့ ငြိမ်းချမ်းရေးဟာ ဒင်္ဂါးတခုတည်းရဲ့ ခေါင်းနဲ့ ပန်း-လို့ သတ်မှတ်ရင် ‘ လွတ်လပ်မှု ’ ကတော့ - အဲဒီ ဒင်္ဂါးပြားရဲ့ ရွှေလား ငွေလား ကြေးနီလား အခြေပြုထားတဲ့ ဒြပ်ထုအနှစ် တန်ဖိုးအစစ်လို့တောင် ဆိုချင်တယ် ။

( ၂ )

‘လွတ်လပ်မှု’ ကို လိုချင်ရင် တိုက်ပွဲဝင်စိတ်ဓာတ် ရှိဖို့ လိုပါတယ် - ‘ လွတ်လပ်မှု’ ကို လိုချင်ရင် ယဉ်ကျေးမှုရေချိန် ရှိဖို့တော့ လိုပါတယ် -

အို - လွတ်လပ်မှုကို မြတ်နိုးသူတို့- ခင်ဗျားတို့တွေရဲ့ တည်ရှိမှု ‘ လွတ်လပ်မှု ’ ကို အသုံးပြုပြီး အသီးသီးသော ထမ်းပိုးအောက်က ‘ မလွတ်မြောက်ရသေးသူ’ တို့ရဲ့ ‘ လွတ်မြောက်မှု ’ ‘ လွတ်လပ်မှု ’ အတွက် ကူကြရေး ကဗျာတေးသစ် သီရအောင် - နှောင်ကြိုး ကြော့ကွင်း ဖျက်ရအောင် - ။ ။

( ၀င်းတင့်ထွန်း ) ၁၉ - ၃ - ၂၀၁၄