အခြေခံဥပဒေ ပြင်ဆင်ရေး မြို့ကြီးအချို့မှာ ဆန္ဒပြ

  • 23 မတ် 2014
Constitution protests
ပြည်သူ့သဘောထား ထုတ်ဖော်ရအောင် ဆန္ဒပြကြတာလို့ စီစဉ်သူတွေကပြော။

အခြေခံ ဥပဒေ ပြင်ဆင်ရေး နဲ့ ပတ်သတ်တဲ့ ဆန္ဒပြပွဲတွေကို၊ ဒီနေ့ မတ်လ ၂၃ရက် မနက်ပိုင်းက မြောက်ဥက္ကလာ၊ ဒေါပုံ၊ ဗဟန်းနဲ့ ကြည့်မြင်တိုင်လို ရန်ကုန်မြို့ပေါ်က မြို့နယ် တွေနဲ့၊ မန္တလေး မုံရွာ၊ ပုဂံ၊ ဒီပဲယင်း စတဲ့ မြန်မာနိုင်ငံ အထက် ပိုင်း မြို့ကြီးတွေမှာ ပြုလုပ်ခဲ့ ကြပါတယ်။

မန္တလေးက ဆန္ဒပြပွဲမှာ၊ အခြခံဥပဒေပါ ပုဒ်မတွေ ဖြစ်တဲ့ ၅၉ (စ) နဲ့ ၄၃၆ တို့ကို ပြင်ဆင်ရမယ်လို့ တောင်းဆိုခဲ့ကြပြီး၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်ရရှိရေး ဆိုပြီးတော့လည်း ကြွေးကြော်သံတွေ ထဲမှာ ပါဝင်ခဲ့ပါတယ်။

လူအင်အား ၁၅၀၀ ပတ်ဝန်းကျင် ပါဝင်တဲ့ မုံရွာမြို့ ဆန္ဒပြပွဲ မှာတော့ အခြေခံ ဥပဒေဆိုင်ရာ တောင်းဆိုချက်တွေ အပြင်၊ အမျိုးသား ရင်ကြားစေ့ရေးနဲ့ လေးပွင့်ဆိုင် ဆွေးနွေးရေး စတဲ့ နိုင်ငံရေး လိုလားချက်တွေကို ထုတ်ဖော်ခဲ့ ကြပါတယ်။

လွှတ်တော်ထဲမှာလည်း အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ကော်မတီဖွဲ့ပြီး လုပ်ကိုင်နေကြပေမယ့်၊ တစ်တိုင်းပြည်လုံးက ပြည်သူတွေရဲ့ သဘောထားကိုလည်း ထုတ်ဖော်သင့်တယ်လို့ ယူဆတဲ့အတွက် အခုလို လမ်းပေါ်ထွက် တောင်းဆိုမှုတွေ ပြုလုပ် လာရတာပါလို့ မုံရွာက ဦးဆောင်ဆန္နပြ သူ ဒေါ်ဝါဝါမောင် က ဘီဘီစီကို ပြောပါတယ်။

ဆန္ဒပြပွဲတွေရဲ့ တောင်း ဆိုချက်တွေကို ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို အတားအဆီးဖြစ် နေတဲ့ ပုဒ်မ ၅၉ စ ကို ပြင်ဆင်ဖို့ကို အဓိကထား တညီတညွတ်တည်း တောင်းဆိုနေကြတာကို တွေရပါတယ်။

လွှတ်တော်ရဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဘက်မှာတော့ တချို့ ပုဒ်မတွေကို ပြင်ဆင်လိုရင် ကိုယ်စားလှယ် ၇၅ ရာခိုင် နှုန်းနဲ့ အထက်က ထောက်ခံမှုရရှိပြီး တခါထပ်လို့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်ရမယ်လို့ ပြဌာန်းထားတဲ့ အခြေခံ ဥဒေပုဒ်မ ၄၃၆ ကို စပြီး ပြင်ဖို့ ရှိနေပါတယ်။

ဆန္ဒပြသူတွေ တောင်းဆိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို အဟန့်အတားဖြစ်နေတဲ့ ပုဒ်မ ၅၉ (စ) ကို လွှတ်တော်မှာ တစ်ခါတည်း ပြင်နိုင်ဖို့ဆိုတာကတော့ အခု အချိန်အထိ မရေမရာ အခြေနေမှာပဲ ရှိနေပါတယ်လို့ ရန်ကုန်က ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။