ဒေါ်အောင်ဆန်းစုကြည် အထက်မြန်မာ စာပေအသိုင်းအဝိုင်းနဲ့တွေ့

  • 23 မတ် 2014
ဓာတ်ပုံ မူပိုင် naylin BBC
Image caption ပြင်ဦးလွင်မှာ စာပေအသိုင်းအဝိုင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့

အမျိုးသား ဒီမိုကရေစီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ၊ မိုးကုတ်မြို့မှာ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ လူထုဟောပြောပွဲတွေ ပြုလုပ်ခဲ့ပြီးနောက်၊ ဒီကနေ့ မတ်လ ၂၃ ရက်နေ့မှာ ပြင်ဦးလွင်မြို့ကို ခရီးဆက်ခဲ့ပါတယ်။

ပြင်ဦးလွင်က တော်ဝင်နှင်းဆီခြံမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အထက်မြန်မာနိုင်ငံက စာရေးဆရာတွေ၊ စာပေအသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီလို တွေ့ဆုံကြစဉ်အတွင်း ပြီးခဲ့တဲ့ ဧရာဝတီ စာပေပွဲတော်နဲ့ ပတ်သက်ပြီး မတက်ရောက် ဖြစ်ခဲ့ကြတဲ့ စာရေးဆရာတို့ရဲ့ ရင်ဖွင့်ချက်တွေအပေါ် ဒေါ်အောင်ဆန်းစုကြည်က ဖြစ်ပြီးသမျှတွေကို အကြိတ်အခဲ မထားကြပဲ နောက်လုပ်မယ့် စာပေပွဲတော်တွေမှာ အားလုံး သိုက်သိုက်မြိုက်မြိုက်နဲ့ ဝိုင်းဝန်း လုပ်ဆောင်ကြဖို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် မန္တလေး မြို့တော်မှာ စီးပွားရေးနဲ့ ယဉ်ကျေးမှုတို့ အပေါ် နိုင်ငံခြားသားတို့ လွှမ်းမိုးလာနေမှုကို ဘယ်လို ကာကွယ်ရမလဲ ဆိုပြီး၊ စာရေးဆရာတို့က မေးခဲ့ကြပါသေးတယ်။

ဒါကိုတော့ တခြား နိုင်ငံရဲ့ အောက်ကို ကိုလိုနီသဖွယ် မရောက်ရဖို့၊ အရေးကြီးဆုံးက နိုင်ငံသူ နိုင်ငံသားတို့ အကျိုးစီးပွားကို ကာကွယ်ဖို့ရာ အစိုးရမှာ တာဝန် အရှိဆုံး ဖြစ်တဲ့အတွက်၊ နိုင်ငံ့အကျိုးကို ပီပီပြင်ပြင် ထမ်းဆောင်နိုင်မယ့် အစိုးရမျိုး လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။

ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းရာမှာလည်း၊ စည်းကမ်း ဥပဒေ အမိန့်တွေနဲ့ ထိန်းချူပ်တာမျိုး မဟုတ်ပဲ၊ လူငယ်တွေကိုယ်တိုင် စိတ်ပါလာစေမယ့် ရေးသားလမ်းညွှန်မှုတွေ ပြုလုပ်ဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။