ဂျပန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ မြန်မာ ခရီးစဉ်

ဓာတ်ပုံ မူပိုင် AP
Image caption ဂျပန် နိုင်ငံခြားရေး ဝန်ကြီး Fumio Kishida

ဂျပန် နိုင်ငံခြားရေး ဝန်ကြီး Fumio Kishida ဟာ ဒီနေ့ ညနေပိုင်းမှာ မြန်မာနိုင်ငံကို အလုပ်သဘော ခရီးစဉ်အဖြစ် နှစ်ရက်ကြာ လာရောက် လည်ပတ်မှာ ဖြစ်ပါတယ်။

ဒီခရီးစဉ် အတွင်းမှာ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဉီးဝဏ္ဏမောင်လွင်နဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားပြီး သမ္မတ ဦးသိန်းစိန်နဲ့ အတိုက်အခံ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ကိုလဲ သီးခြားစီ တွေဆုံဖို့ ရှိပါတယ်။

နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ကူးပြောင်းရေး လုပ်ငန်းစဉ်တွေ အပေါ်မှာ ဂျပန်က အကူအညီပေးရေး ကိစ္စတွေကို ဒီခရီးစဉ်အတွင်းမှာ ဆွေးနွေး အကောင်အထည် ဖော်ကြမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက အခြေခံ အဆောက်အအုံတွေ အဆင့်မြှင့်တင်ရေးအတွက် ဂျပန်အစိုးရဖက်က ဘယ်လို ကူညီသွားမလဲ ဆိုတဲ့ အစီအစဉ်ကို ကြေငြာသွားဖို့ ရှိတယ်လို့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ဂျပန်က မြန်မာနိုင်ငံကို ငွေကြေး အကူအညီပေးမယ့် သတင်းမျိုး ဒီခရီးစဉ် အတွင်းမှာ ကြားရမယ့်လို့ လေ့လာသူတွေက ခန့်မှန်းနေကြပါတယ်။

သမ္မတ ဉီးသိန်းစိန်ရဲ့ ပြီးခဲ့တဲ့ ဂျပန်ခရီးစဉ် အတွင်းမှာ ရထား ပို့ဆောင်ရေး၊ သောက်သုံးရေ ရရှိရေးနဲ့ ဆည်မြောင်းကဏ္ဍတွေမှာ ဂျပန်ယန်း ဘီလီယံ ခြောက်ဆယ်လောက် ကူညီသွားမယ်လို့ ကတိပေးထားတာ ရှိပါတယ်။

ဒါ့အပြင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ အနေနဲ့ သီလဝါ ရေနက်ဆိပ်ကမ်း စီမံကိန်း၊ ထားဝယ် အထူးစီးပွားရေးဇုံ စီမံကိန်းတွေမှာ ဂျပန်က ရင်းနှီးမြုပ်နှံမှုတွေ လုပ်နေတာတွေလဲ ရှိပါတယ်။

မြန်မာ့အရေး သုတေသီ တစ်ဦး ဖြစ်တဲ့ အမေရိကန်နိုင်ငံ George Town တက္ကသိုလ်က ပါမောက္ခ ဒေးဗစ် စတိုင်းဗက် ကတော့ ဂျပန်နိုင်ငံရဲ့ မြန်မာနိုင်ငံကို ချဉ်းကပ်ပုံကို ပြောပြရာမှာ ဂျပန်တွေအနေနဲ့ အခြေခံအဆောက်အအုံတွေကို မြှင့်တင်တာမျိုးမှာတင် ရပ်မနေဘဲ လူတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ လူနေမှု အဆင့်အတန်း မြင့်တက်လာဖို့ကိုလဲ ထည့်စဉ်းစားပြီး လုပ်ဆောင်သွားဖို့ လိုတယ်လို့ ဆိုပါတယ်။

ဒီနိုင်ငံမှာ လုပ်ဖို့ လိုနေတာတွေက အများကြီး ဖြစ်ပေမယ့် အခု လုပ်ဆောင်နေတာတွေ ကလဲ လူတွေအတွက် အရေးတကြီး လိုအပ်နေတဲ့ အလုပ်အကိုင် အခွင့်အလမ်းနဲ့ စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ပြုနိုင်တာမို့ သူ့အနေနဲ့ အကောင်းမြင်တဲ့ အကြောင်းနဲ့ ဂျပန်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံကို အပြုသဘောဆောင်တဲ့ ပံ့ပိုးမှုတွေ လုပ်နိုင်တယ်လို့ သူယုံကြည်ကြောင်း ဆက်ပြောခဲ့ပါတယ်။

မြန်မာ နိုင်ငံခြားရေး ဝန်ကြီးနဲ့ တနင်္လာနေ့ နေပြည်တော်မှာ တွေ့တဲ့အခါမှာ မစ္စတာ Kishida က မြောက်ကိုရီးယား အရေးနဲ့ ပင်လယ်ပြင် လုံခြုံရေး ကိစ္စရပ်တွေကိုလဲ ဆွေးနွေးဖို့ ဖြစ်နိုင်ခေျ ရှိတယ်လို့ ဂျပန်နိုင်ငံက ကျိုဒို သတင်းဌာနရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒီကိစ္စ အပေါ်မှာ ပါမောက္ခ ဒေးဗစ်စတိုင်းဗက်ကတော့ ခုတလော ဂျပန်နိုင်ငံအတွက် အရေးကြီးနေတာက မြောက်ကိုရီးယား အရေး မဟုတ်ဘဲ၊ တရုတ်နဲ့ ပက်သက်လို့ လုံခြုံရေးကို စိတ်ပူတာက ပို ဖြစ်နိုင်တယ်လို့လည်း ရှင်းပြခဲ့ပါတယ်။

အရှေ့တရုတ် ပင်လယ် လေကြောင်း ကာကွယ်ရေးဇုံကို တရုတ်နိုင်ငံဖက်က သတ်မှတ်ခဲ့တဲ့ ကိစ္စနဲ့ ပက်သက်ပြီး တရုတ်နဲ့ ဂျပန် နှစ်နိုင်ငံကြားမှာ သံတမန်ရေး အဖုအထစ်တချို့ မကြာသေးမီက ဖြစ်ခဲ့ပါတယ်။

တရုတ်နိုင်ငံက ဒီလို လုပ်တဲ့ အပေါ်မှာ ဂျပန်နိုင်ငံဖက်က ကုလသမဂ္ဂက တဆင့် ကန့်ကွက်သွားဖို့တွေ ရှိနေပါတယ်။

ဒါကြောင့် တရုတ်နဲ့ ဆက်ဆံရေး အဆင်ပြေတဲ့ အိမ်နီးချင်း နိုင်ငံ ဖြစ်သလို၊ အာဆီယံ ဥက္ကဌလဲ ဖြစ်နေတဲ့ မြန်မာနိုင်ငံနဲ့ ဒီကိစ္စ ဆွေးနွေးနိုင်တယ်လို့ ခန့်မှန်းနေကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ