မြစ်ဆုံစီမံကိန်း အပြီးသတ် ရပ်ဆိုင်းရေး ဆန္ဒထုတ်ဖော်

  • 24 မတ် 2014
ဓာတ်ပုံ မူပိုင် BBC World Service
Image caption မြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းရေး အရင် ဆန္ဒပြမှုက ပုံ

မြစ်ဆုံ စီမံကိန်း အပြီးသတ် ရပ်ဆိုင်းရေး ဆန္ဒထုတ်ဖော်တဲ့ အနေနဲ့ ရန်ကုန်ကနေ မြစ်ဆုံအထိ လမ်းလျှောက်တဲ့ ခရီးစဉ်ကို အင်အား(၁၀၀)နီးပါးနဲ့ နိုင်ငံရေး အကျဉ်သားဟောင်းများ အဖွဲ့ချုပ်က စတင် လိုက်ပါတယ်။

ရွေတိဂုံ ကြေးသွန်းဘုရားကနေ စတင် ဆန္ဒ ထုတ်ဖော်ခဲ့တာဖြစ်ပြီး နိုင်ငံရေး အကျဉ်း သားဟောင်းတွေနဲ့ မြို့နယ် အသီသီးက ပြည်သူတွေ ပါ၀င် ပါတယ်။

ကြွေးကြော်သံ တွေနဲ့ ချီတက်သွားခဲ့တဲ့ ဆန္ဒပြသူတွေဟာ မြို့နယ် အာဏပိုင်တွေရဲ့ မေးမြန်းတာကို ခံခဲ့ရတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲချုပ် ဗဟိုအဖွဲ့၀င် ကိုရဲထွဋ်ခေါင်ပြောပါတယ်။

လှိုင်သာယာမြို့နယ် အလွန်မှာတော့ တခြားပြည်သူတွေပါ ပါ၀င်ပူပေါင်းခဲ့တာကြောင့် အင်အား၂၀၀ကျော်သွားခဲ့တယ်လို့ ပြောပါတယ်။

ခုလို လမ်းလျောက် ဆန္ဒဖော်ထုတ်ရုံနဲ့ မြစ်ဆုံက ရပ်ဆိုင်း သွားနိုင်ပါ့မလားလို့ ဘီဘီစီက ကိုရဲထွဋ်ခေါင်ကို မေးမြန်းကြည့်ရာမှာ သူက တနိုင်ငံလုံး အတိုင်းအတာနဲ့ တညီတညွတ်ထဲ ကန့်ကွက်မယ်ဆိုရင် ရပ်ဆိုင်းသွားလိမ့်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုင်းရင်သား လက်နက်ကိုင် အင်အားစုတွေကလဲ ကန့်ကွက်နေတယ် ၊ ပြည်သူလူထုကဲ ကန့်ကွက်နေတဲ့ ကိစ္စ တခု ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါကိုဆက်လုပ်မယ်ဆိုရင် အမျိုးသား လုံခြုံရေးကို ထိခိုက်နိုင်သလို ငြိမ်းချမ်းရေး ကိုပါ ထိခိုက်နိုင်တယ်လို့ ပြောပါတယ်။

သူတို့ တောင်းဆိုတာကတော့ ဧရာ၀တီမြစ်ဆုံ စီမံကိန်း ချက်ခြင်း ဖျက်သိမ်းပေးပြီး ပြောင်းရွေ့ခံရတဲ့ ရွာပေါင်း(၆၀)ကျော် ရဲ့ နေရာတွေကို ပြန်လည် နေရာချပေးရေးအပြင် (CPI) CHINA POWER INVESTMENE တရုတ်ကုမ္ပဏီ မြန်မာနိုင်ငံက ထွက်သွားပေးရေး တို့ ဖြစ်ပါတယ်။

ဆန္ဒပြ ခရီးစဉ်ကိုတော့ ရက်ပေါင်း(၆၀)သတ်မှတ်ထားပြီ အမျိုးသမီးနဲ့ သံဃာတော်တွေ ပါတဲ့အတွက် ရက်ပိုကြာနိုင်တယ်လို့ ဆိုပါတယ်။

ဆန္ဒပြ အင်အားစုတွေ ဖြစ်သွားတဲ့မြို့နယ်တွေမှာ မြစ်ဆုံဟောပြောပွဲနဲ့ သတင်းစာ ရှင်းလင်းပွဲတွေ လုပ်သွားမယ်လို့လည်း သိရပါတယ်။