ကျောင်းသားသမဂ္ဂ တရားဝင် ပြဋ္ဌာန်းဖို့အဆို ထောက်ခံမှု မရခဲ့

  • 25 မတ် 2014
Image caption ကျောင်းသားသမဂ္ဂ တရားဝင်ဖို့ အဆို အာဏာရ ပါတီဝင်တွေ မထောက်ခံ

အမျိုးသား ပညာရေး ဥပဒေကြမ်းမှာ ကျောင်း သား သမဂ္ဂကို တရားဝင် ထည့်သွင်း ပြဋ္ဌာန်း ပေးဖို့ အမျိုးသားဒီမိုကရေစီ ပါတီသစ် ခေါင်း ဆောင် ဦးသိန်းညွန့်က လွှတ်တော်ကို တင်သွင်း ခဲ့ရာမှာ ထောက်ခံသူ ၃၂ ယောက်ပဲ ရှိခဲ့ ပါတယ်။

ဒါဟာ လွှတ်တော်ထဲမှာ အများစု နေရာရထားတဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ ထောက်ခံမှု မရခဲ့သလို တိုင်းရင်းသား ပါတီတွေနဲ့ ဒီမိုကရေစီ ပါတီတွေဆီကလည်း များများစားစား ထောက်ခံမှု မရခဲ့တာကို တွေ့ရပါတယ်။

အမျိုးသား ပညာရေး ဥပဒေကြမ်းထဲမှာ ကျောင်းအကျိုးဆောင် အဖွဲ့တွေ တည်ထောင်ဖို့ ထည့်သွင်းထားတဲ့ အတွက် တက္ကသိုလ် ကောလိပ် အဆင့်တွေမှာလည်း ဒီမိုကရေစီ အလေ့အကျင့်တွေ လက်တွေ့ ကျင့်သုံးနိုင်ဖို့ ကျောင်းသား သမဂ္ဂ တရားဝင်ရှိဖို့ လိုအပ်တယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။

လွှတ်တော်ကို တင်ပြစဉ်တုန်းကလည်း ပါလီမန် ဒီမိုကရေစီ ခေတ်တုန်းက ပြဋ္ဌာန်းခဲတဲ့ မန္တလေး တက္ကသိုလ် ဥပဒေကို ဥပမာ ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ ဥပဒေမှာ ကျောင်းသား သမဂ္ဂ တည်ရှိမှုကို တရားဝင် အသိအမှတ်ပြုတဲ့ အပြင် သမဂ္ဂ အဖွဲ့က ရွေးချယ်ပေးတဲ့ သူတွေကို တက္ကသိုလ် အာဏာပိုင်တွေ ဖွဲ့စည်းတဲ့ တက္ကသိုလ် ကောင်စီမှာပါ ထည့်သွင်းပေးပါတယ်။

၁၉၅၈ ခုနှစ် အမျိုးသား ပညာရေး နှီးနှော ဖလှယ်ပွဲမှာလည်း အစိုးရက ကျောင်းသား သမဂ္ဂ အခန်းကဏ္ဍကို တရားဝင် ထားရှိဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကျောင်းသား သမဂ္ဂကို တရားဝင် ထည့်သွင်း ပြဋ္ဌာန်းပေးဖို့ ဦးသိန်းညွန့်ရဲ့ အဆိုဟာ အခု လွှတ်တော်ထဲ အများဆုံး နေရာယူထားကြတဲ့ အာဏာရ ပါတီ၀င်တွေရဲ့ ထောက်ခံမှုကို မရခဲ့ပါဘူး။

ဒီမိုကရေစ စနစ်ကို ဖော်ဆောင်နိုင်ဖို့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်နေကြတဲ့ နေရာမှာ တရားဝင် နိုင်ငံရေး ပါတီတွေ တည်ထောင် လှုပ်ရှားခွင့် ပေးရုံမက ကျောင်းသား တပ်မတော် အပါအဝင် လက်နက်ကိုင် အဖွဲ့တွေနဲ့ တွေ့ဆုံ ဆွေးနွေးနေကြတဲ့ လက်ရှိ အာဏာပိုင်တွေဟာ ကျောင်းသားသမဂ္ဂ တရားဝင် ဖွဲ့စည်းခွင့် ပြုရမှာကိုတော့ စိုးရိမ်နေကြပုံ ရပါတယ်။

ကျောင်းသားသမဂ္ဂ ဆိုတာ တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် ရှိရတာမို့ နိုင်ငံရေးအပေါ် လွှမ်းမိုးနိုင်စွမ်း ကြီးမားတယ်လို့ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ဟောင်း ဦးလှရွှေက ပြောပါတယ်။ ကျောင်းသားထု တရပ်လုံးနဲ့ရော ပြည်သူတွေနဲ့ပါ ဆက်စပ်တဲ့ အတွက် ကျောင်းသားသမဂ္ဂကို လက်နက်ကိုင် တပ်ဖွဲ့တွေ နိုင်ငံရေး ပါတီတွေထက် အာဏာရပါတီနဲ့ အစိုးရက ပိုပြီး ကြောက်ရွံ့တယ်လို့လည်း ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ