မြန်မာက ဘင်္ဂလားဒေ့ရှ်ကို သံတမန်ရေး သတိပေး

  • 25 မတ် 2014
Burmese Government Spoksperson , U Ye Htut ဓာတ်ပုံ မူပိုင် AFP
Image caption ဆောင်းပါးကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး မထိခိုက် စေချင်လို့ မြန်မာဆို

ရခိုင်ပြည်နယ် စစ်တွေနဲ့ မောင်တောမြို့ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထည့်သွင်းရေး အတွက် ဆန္ဒခံယူပွဲ လုပ်သင့် သလား ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် သတင်းစာ တစ်စောင်မှာ ဖော်ပြခဲ့တာကို မြန်မာ အစိုးရ ဘက်က သံတမန်ရေး သတိပေးမှု လုပ်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ အထင်ရှားဆုံး မဟုတ်တဲ့ Dhaka Tribune သတင်းစာမှာ မထင်မရှား ဆောင်းပါးရှင် တစ်ယောက်ရဲ့ ဆောင်းပါးနဲ့ ပတ်သက်ပြီး မြန်မာအစိုးရက ဘင်္ဂလာဒေ့ရှ် အစိုးရကို သတိထောက်လွှာ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

မြန်မာ အစိုးရ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်ကတော့ ဒီဆောင်းပါးရှင်ရဲ့ ရေးသားမှုက သူ့ အစိုးရရဲ့ သဘောထားကို ထင်ဟပ်မှု ရှိသည်ဖြစ်စေ မရှိသည် ဖြစ်စေ နှစ်နိုင်ငံကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေတာကို မထိခိုက် စေချင်တဲ့ အပြင် တည်ငြိမ်စ ပြုနေတဲ့ ရခိုင်ပြည်နယ် မှာလည်း သတင်းစာထဲက ဆောင်းပါးကြောင့် မထိခိုက် စေချင်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရဘက်ကို သတိထောက်လွှာ ပေးခဲ့တာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

မြန်မာ အစိုးရ ဘက်က သတင်းတွေ ထုတ်ပြန်ပြီး ဒီကိစ္စကို အရေး တယူဆောင်ရွက်လိုက်တဲ့ အတွက် လူတွေကြားထဲ ပိုသိသွားပြီး မကျေနပ်မှုတွေ ဖြစ်အောင်လုပ်သလို ဖြစ်မသွားနိုင်ဘူးလား ဆိုတာနဲ့ ပတ်သက်လို့တော့ ဦးရဲထွဋ်က မဖြစ်နိုင်ကြောင်း ပြောပါတယ်။

အခု ကိစ္စက နိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ အချုပ်အခြာ အာဏာ ပိုင်စိုးရေးတို့နဲ့ ပတ်သက်နေတဲ့ အတွက် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို ကြည့်ပြီး လုပ်ဆောင်ခဲ့တာ လို့လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ