အမျိုးသမီးတွေရဲ့ အိမ်ထောင်ပြုခွင့်ကန့်သတ်မှု

human_rights_watch
Image caption လူ့အခွင့်အရေး လေ့လာစောင့်ကြည့် အဖွဲ့

မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေ အနေနဲ့ လွတ်လပ်စွာ အိမ်ထောင်ပြုခွင့် ကို ကန့်သတ်တဲ့ ဥပဒေကြမ်း ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နဲ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း တို့ က လက်မခံဘဲ ပယ်ချ သင့်တယ်လို့ Human Rights Watch အဖွဲ့ က ကြေညာ ထုတ်ပြန် လိုက်ပါတယ်။

ဒီလို ခွဲခြားဆက်ဆံတဲ့ ဥပဒေ ကြောင့် မြန်မာ နိုင်ငံ ကို ပြည်ပ က ကူညီထောက်ပံ့မှု တွေ၊ ရင်းနှီးမြှုပ်နှံမှု တွေ ထိခိုက်နိုင်တယ် လို့ လည်း ကြေညာချက်မှာ ဖေါ်ပြထားလို့၊ ဥပဒေကြမ်း ပင် မထွက်သေးတဲ့ အချိန်မှာ အခုလို ရုတ်သိမ်းဖို့ ပြောတာနဲ့ ပတ်သက်လို့ Human Rights Watch အဖွဲ့ မှ အာရှဆိုင်ရာ ညွှန်ကြားရေးမှူး Brad Adams က ဒီဥပဒေဟာ မူကြမ်း အဆင့်ဘဲ ရှိသေးတယ် ဆိုပေမဲ့၊ သံဃာတော်တွေ နဲ့ လူတွေ စုပေါင်းပြီး တင်ပြထားရာက၊ အစိုးရ နဲ့ လွှတ်တော် ခေါင်းဆောင်ပိုင်း က ပယ်ချတာ မရှိလို့ ခွဲခြားဆက်ဆံတဲ့ ဥပဒေမျိုး၊ မလုပ်သင့်ဘူး ဆိုတာကို အာရုံ စိုက်လာအောင် ထောက်ပြတာ ဖြစ်ကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။

ဒီအဆိုပြုတဲ့ မျိုးစောင့် ဥပဒေ အဖြစ် မူကြမ်းရေးဖို့ လေးမျိုးပါတဲ့ အနက်၊ အမျိုးသမီးတွေ လက်ထပ်ခွင့် ကို ဝေဖန် ထောက်ပြတာနဲ့ ပတ်သက်လို့ Brad Adams ကပြောရာမှာ ဒီဥပဒေဟာ မြန်မာနိုင်ငံ ရဲ့ အခြေခံ ဥပဒေ သာမက၊ နိုင်ငံတကာ ဥပဒေ နဲ့ပါ ဆန့်ကျင်ကြောင်း၊ အမျိုးသမီး တယောက်ရဲ့ ရွေးချယ်ပိုင် ခွင့် ကို ကန့်သတ် သလို အမျိုးသား အပေါ်မှာ လည်း ခွဲခြား ဆက်ဆံရာ ရောက်ကြောင်း ရှင်းပြပါတယ်။

ပြည်တွင်း ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ အခြေခံရာက ဖြစ်ပေါ်လာတဲ့ ပြဿနာ ဟာ မြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်းလဲရေး ကို ထိခိုက်နိုင်သလို၊ အစိုးရ ကသာ ဒီဥပဒေ ကို ပြဌာန်းရင် အလှူရှင်နိုင်ငံ တွေ နဲ့ ရင်းနှီးမြှုပ်နှံသူတွေ၊ ကမ္ဘာ့ ဘဏ် ကပါ မြန်မာ နိုင်ငံတွင်း ကူညီပံ့ပိုးမှု ကို စဉ်းစားလာဘွယ် ရှိကြောင်း Brad Adams က ထောက်ပြသွားပါတယ်။