အခြေခံဥပဒေကို ကာကွယ်ဖို့ တပ်မှာ တာဝန်ရှိတယ်လို့ ကာချုပ် ပြော

  • 27 မတ် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption အခြေခံ ဥပဒေ ကာကွယ်ဖို့ တပ်မှာ တာဝန်ရှိတယ်လို့ ဆို

နေပြည်တော် စစ်ရေးပြကွင်းမှာ ဒီနေ့မနက် ၇နာရီက စတင် ကျင်းပခဲ့တဲ့ ၆၉ နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အခမ်းအနားကို တပ်မတော် အရာရှိဟောင်းတွေ၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်လည်း တက်ရောက်ခဲ့ပါတယ်။

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဒီကနေ့ ပြောတဲ့ မိန့်ခွန်းထဲမှာ ပြည်သူလူထု ၉၀ ရာခိုင်နှုန်းကျော် ထောက်ခံ အတည်ပြုထားတဲ့ အခြေခံ ဥပဒေကို ကာကွယ်ဖို့ရာ တပ်မတော်မှာ အဓိက တာဝန်ရှိတယ်လို့ ပြောခဲ့ပါတယ်။

အများက ဝေဖန်နေကြတဲ့ လွှတ်တော်ထဲ တပ်မတော်က ၂၅ ရာခိုင်နှုန်း နေရာယူထားမှု အပါအဝင် ဒီမိုကရေစီ စံနှုန်းတွေနဲ့ ကိုက်ညီမှု မရှိတဲ့ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်ဖို့ လုပ်ဆောင် နေကြချိန်မှာ လက်ရှိ အခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ တပ်မတော်ရဲ့ သဘောထားကို ကာကွယ်ရေး ဦးစီးချုပ်က အခုလို ပြောသွားခဲ့တာပါ။

ဗိုလ်ချူပ်မှုးကြီး မင်းအောင်လှိုင် ပြောသွားတဲ့ အထဲမှာ မကြာမီ ရေးထိုးဖို့ လုပ်နေတဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့လည်း အပစ်မရပ်ဘဲ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်နေရင် ပဋိပက္ခတွေ ဆီကို ဦးတည်နိုင်တယ်လို့ ပြောသွားခဲ့ပါတယ်။

မနေ့က သမ္မတ ဦးသိန်းစိန်က လွှတ်တော်မှာ မိန့်ခွန်း ပြောတုန်းကလည်း မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍက အရေးကြီးကြောင်း ပြောသွားပါတယ်။

ဒီနှစ် စစ်ရေးပြ အခမ်းအနားမှာ သံချပ်ကာ ကားအသစ်တွေ၊ မြောက်ကိုရီယားက စမ်းသပ် ပစ်လွှတ်ပြနေခဲ့တဲ့ အတွဲလိုက် ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေနဲ့ အမျိုးအစားတူ လက်နက်တွေ အပါအဝင် စစ်လက်နက် ပစ္စည်း အသစ်တွေ ထုတ်ပြသွားခဲ့တယ်လို့ အခမ်းအနားကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ တပ်မတော် အရာရှိဟောင်း ဖြစ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက မှတ်ချက်ချပါတယ်။

အရပ်သား အစိုးရ အဖြစ်သို့ အသွင် ကူးပြောင်းပြီး ၃ နှစ်တာ ကာလအတွင်း ဒီမိုကရေစီ သို့ ပြောင်းလဲ ဖော်ဆောင်ရေး ကာလမှာ တပ်မတော် ရဲ့ အရေးပါမှုကို တည်ဆောက် နေကြဆဲ ဖြစ်ပါတယ်။

တပ်မတော်ဟာ အစိုးရသစ် လက်ထက်မှာ အရင်ကထက် စာရင် အရပ်ဖက်နဲ့ ပတ်သက်မှုတွေ လျှော့ချ လာသလို နိုင်ငံတကာနဲ့လည်း ဆက်သွယ် ပြီး ခေတ်မှီ တပ်မတော် ဖြစ်အောင် ကြိုးစားတာတွေကို တွေရပေမယ့်၊ ဒီနေ့ ကာကွယ်ရေး ဦးစီးချုပ် ပြောတဲ့ အချက်တွေ အရဆို၊ တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ မြန်မာနိုင်ငံရေး မှာ သိသိသာသာ ဆက်ရှိ နေဦးမယ်လို့ သုံးသပ်ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ